News

11-Feb-2018

ရန်ကုန် YBS
သံတုတ်ကိုင် ရမ်းကားသည့် YBS ၂၅ ယာဉ်မောင်းကို အလုပ်ထုတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

တာမွေမြို့နယ်၊ ကျောက်မြောင်းဈေး မှတ်တိုင်အနီးတွင် အငှားယာဉ်မောင်းတစ်ဦးကို သံတုတ်ကိုင် ခြိမ်းခြောက်ပြောဆို ရန်ရှာခဲ့သည့် YBS ၂၅ ယာဉ်မောင်း အမျိုးသားကို ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက အလုပ်ထုတ်လိုက်ကြောင်း ယင်းယာဉ်လိုင်းထံမှ စုံစမ်းသိရှိရသည်။ 

“ယာဉ်မောင်းက သံတုတ်ကိုင်ထားတဲ့ပုံတွေ ညက အွန်လိုင်းပေါ်မှာ တွေ့လိုက်ရတယ်။ ယာဉ်မောင်းက သူ့ကို အငှားယာဉ်မောင်းက ဓားကိုင်ပြီး ရန်ရှာတာကြောင့် သူက သံတုတ်ကိုင်ရတာလို့ ပြောတယ်။ ဒါပေမဲ့ အများပြည်သူ အလန့်တကြားဖြစ်စေမယ့် သူ့လုပ်ရပ်ကြောင့် အလုပ်ကနေ ထုတ်လိုက်ပါပြီ”ဟု YBS ၂၅ ယာဉ်လိုင်း ကြီးကြပ်ရေးမှူး ဦးသုမောင်က ပြောသည်။ 

အလုပ်ထုတ်ခံရသည့် ယာဉ်မောင်း ကိုကျော်သူအောင်မှာ ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်းက ဘိုကလေးဈေးမှ ဒဂုံတက္ကသိုလ်သို့ YBS ၂၅ ယာဉ်ကို မောင်းလာပြီး ကျောက်မြောင်းဈေး မှတ်တိုင်အရောက် လမ်းအလယ်တွင် ယာဉ်ရပ်ကာ ခရီးသည် အတင်အချပြုလုပ်နေစဉ် ၎င်း၏ ယာဉ်ကို အငှားယာဉ်တစ်စီးက ကျော်တက်မောင်းသဖြင့် မကျေမနပ်ဖြစ်ပြီး အငှားယာဉ် နောက်လိုက်ကာ ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ 

“အငှားကားပေါ်မှာ ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ယောက် ပါလာတယ်လို့ အလုပ်ထုတ်ခံရသူက ပြောတယ်။ မှတ်တိုင်မှာ တစ်ခါတလေ ကားရပ်စရာ နေရာမရှိတော့ လမ်းလယ်မှာပဲ ကားရပ်ပြီး အဆင်ပြေသလို ခရီးသည်အတင်အချ လုပ်ရတာတွေရှိတယ်။ ဖေ့စ်ဘွတ်ခ်မှာတွေ့ရတဲ့စာက သူ (YBS ယာဉ်မောင်း) က ခြိမ်းခြောက် ရန်ရှာခဲ့တာလို့ ရေးထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်ထုတ်လိုက်တဲ့ ယာဉ်မောင်းကို ဟိုဘက်က တရားစွဲဆိုမယ်လို့ ကြားမိတယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အလုပ်ထုတ်ခံရသည့် ယာဉ်မောင်းမှာ ယခင်ပါရမီယာဉ်လိုင်း ပြေးဆွဲစဉ်ကတည်းက အဆိုပါကုမ္ပဏီတွင် ယာဉ်မောင်းအဖြစ် ဝင်အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး YBS ၂၅ ယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၄၇ စီးဖြင့် ဘိုကလေးဈေးမှ ဒဂုံတက္ကသိုလ်သို့ ပုံသေ ကျပ် ၂၀၀ ဖြင့် ပြေးဆွဲနေကြောင်း ယာဉ်လိုင်းကြီးကြပ်ရေးမှူးထံမှ သိရသည်။  

S-03



FOLLOW US