News

09-Feb-2018

ရန်ကုန် YBS YRTA
YBS ယာဉ်မောင်းများ ယာဉ်မောင်းသင်တန်း ပြန်တက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများတွင် မောင်းနှင်နေသည့် ယာဉ်မောင်းများနှင့် သက်တမ်းငါးနှစ်မပြည့်သည့် ယာဉ်မောင်းများ YRTA အထူးယာဉ်မောင်းသင်တန်းကို ပြန်တက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။ 

“YBS ယာဉ်လိုင်းမှာ မောင်းနေတဲ့ ယာဉ်မောင်းတွေအကုန်လုံး စည်းကမ်းလိုက်နာဖို့၊ ဆက်ဆံရေးကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ဒီသင်တန်းကို ဖွင့်တာပါ။ YRTA အသိအမှတ်ပြုယာဉ် မောင်းကတ်ပြားကိုင်ထားတဲ့သူကိုလည်း စည်းကမ်းဖောက်ဖျက်ရင် ထိထိရောက်ရောက် အရေးယူနိုင်မှာဖြစ်တယ်”ဟု YRTA မှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် YBS ယာဉ်လိုင်းအချို့၌ သတ်မှတ်လိုင်စင်မဟုတ်ဘဲ ပြေးဆွဲနေသည့် ယာဉ်မောင်းများရှိနေပြီး ၎င်းတို့ကို YRTA က အသိအမှတ်ပြု အထူးယာဉ်မောင်းသင်တန်းအမှတ်စဉ် - ၆ တွင် သင်တန်းတက်ရောက်လျက်ရှိကြောင်း YBS ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။

“ယာဉ်မောင်းသက်တမ်း ငါးနှစ်မပြည့်တဲ့သူတွေ YRTA က ဖွင့်တဲ့သင်တန်းကို ပြန်တက်ရပါတယ်။ မွမ်းမံသင်တန်းသဘောပါပဲ။ သင်တန်းပြီးရင်တော့ YRTA ၏ အသိအမှတ်ပြုကတ်ပြား တစ်ခါတည်းပေးလိုက်တယ်”ဟု Power Eleven ကုမ္ပဏီဥက္ကဋ္ဌ ဦးတရုတ်လေးက ဆိုသည်။

Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသည့် YBS ၂၁၊ ၂၂၊ ၄၁ ယာဉ်လိုင်းတို့တွင် ယာဉ် ၄၃၀ စီးကျော်ဖြင့် ပြေးဆွဲလျက်ရှိပြီး အဆိုပါယာဉ်လိုင်းများတွင် သက်တမ်းငါးနှစ် မပြည့်သေးသည့်ယာဉ်မောင်း အနည်းငယ်စီရှိ၍ သင်တန်းတက်ရန် လူဦးရေ စာရင်းကောက်ယူနေကြောင်း ၎င်းက ပြောကြားသည်။

ရွှေလမ်းခင်းကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသည့် YBS ၄၀ ယာဉ်လိုင်းတွင်လည်း ယာဉ်စီးရေ ၇၀ စီးကျော်အနက် နေ့စဉ် ယာဉ် ၆၀ စီးကျော်ဖြင့် ပြေးဆွဲလျက်ရှိပြီး YRTA အထူးယာဉ်မောင်းသင်တန်းကို ယာဉ်မောင်းခြောက်ဦး တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

YBS ယာဉ်လိုင်းတွင် သက်တမ်းငါးနှစ်ရှိ (င) လိုင်စင် (အနီ) ရှိမှ မောင်းနှင်ခွင့်ရှိပြီး သတ်မှတ်လိုင်စင်မဟုတ်သော သက်တမ်းသုံးနှစ်ရှိ (ခ) လိုင်စင် (အညို)ကိုင်ဆောင်ထားသူများ မောင်းနှင်နေမှုများရှိကာ ၎င်းတို့ကို ဒဏ်ငွေအပါအဝင် ယာဉ်မောင်းလိုင်စင်သိမ်းသည်အထိ အရေးယူကြောင်း လုပ်သက် ၇ နှစ်ရှိ YBS ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

လက်ရှိ YRTA အထူယာဉ်မောင်း သင်တန်းအမှတ် ၆ ကို ဖေဖော်ဝါရီလ ၅ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သတ်မှတ်လိုင်စင်မဟုတ်သော ယာဉ်မောင်း ၁၀၉ ဦးကို သင်တန်းပို့ချလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံမှ သိရသည်။

YRTA အထူးယာဉ်မောင်းသင်တန်း စဖွင့်ခဲ့သည့် ဇူလိုင်လက အမှတ်စဉ် - ၁ ကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းအမှတ်စဉ် ၅ အထိ သင်တန်းပြီးဆုံးထားကာ သင်တန်းအောင်မြင်ထားသူ ၄၃၃ ဦး ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

J-06



FOLLOW US