News

YBS ပေါ်တွင် အမျိုးသမီးတစ်ဦးကို ထိုးကြိတ်ပြီး ပိုက်ဆံအိတ်လုသူ သုံးဦး ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

သင်္ဃန်းကျွန်းမှ လှည်းကူးသို့ ပြေးဆွဲနေသည့် YBS (၁) ယာဉ်ပေါ်တွင် ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲပိုင်းက ခရီးသည် အမျိုးသမီးတစ်ဦးကို ထိုးကြိတ်ပြီး ပိုက်ဆံအိတ်လုယူခဲ့သော အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ပထမ ခါးပိုက်နှိုက်တာ၊ ခရီးသည်အမျိုးသမီးက သိသွားလို့ သူ့ပိုက်ဆံအိတ်ကို ပြန်လုယူတာကို ဒီလူတွေက အမျိုးသမီးရဲ့ဦးခေါင်းကို လက်သီးနဲ့ထုပြီး မျက်နှာကိုပါ ကွမ်းတံတွေးနဲ့ ထွေးသွားတယ်လို့ တိုင်ချက်အရ သိရတယ်။ ကားပေါ်ပါလာတဲ့ ခရီးသည်အမျိုးသားတစ်ယောက်က ဝင်ဆွဲလို့ သူ့မျက်နှာပါ ကွမ်းတံတွေးနဲ့ အထွေးခံလိုက်ရတယ်။ ကားသမားက ဒဂုံတောင်ရဲစခန်းဆီ တောက်လျှောက် ကားမောင်းလာပြီး ဒီလူတွေကို ဖမ်းခိုင်းခဲ့တာ”ဟု ရဲအရာရှိက ရှင်းပြသည်။ 

ဖမ်းမိသူ သုံးဦးမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၆ နှစ် ထက်အောင် နှင့် ဖြိုးကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၅ ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၁ နှစ် ဖိုးဇော်တို့ဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၁ နာရီက YBS (၁) ခရီးသည်တင်ယာဉ်ပေါ်တွင် ၎င်းတို့သုံးဦးက အရက်သေစာ သောက်စားမူးယစ်ပြီး အထက်ဖော်ပြပါဖြစ်စဉ်များကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်ပေးခဲ့သည်။

ယာဉ်ပေါ်တွင် ထိုးကြိတ်ခံရသည့် အသက် ၃၄ နှစ် ခရီးသည်အမျိုးသမီးကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံတွင် တင်ပို့ထားရပြီး ပြစ်မှုကျူးလွန်သူသုံးဦးကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၃၅၄/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး ယခင်ပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ မရှိ ဆက်လက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US