News

Power Eleven ကုမ္ပဏီက YBS ယာဉ်လိုင်းနှစ်လိုင်းနှင့် ထပ်မံပူးပေါင်းရန် စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ယာဉ်လိုင်းသုံးလိုင်းကို တာဝန်ယူပြေးဆွဲနေသည့် Power Eleven အများပိုင်ကုမ္ပဏီအနေနှင့် YBS ယာဉ်လိုင်းနှစ်လိုင်းနှင့် ထပ်မံပူးပေါင်းရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“အများပိုင်ယာဉ်လိုင်းတွေ ပူးပေါင်းပြေးဆွဲဖို့ Plan ချပြီး လုပ်ဆောင်နေတယ်။ YBS ၃၉ ယာဉ်လိုင်းကတော့ ပူးပေါင်းလိုက်ပါပြီ။ ရွှေပြည်သာ၊ အင်းစိန်အခြေပြုပြေးတဲ့ မြောက်ပိုင်းခရိုင်အတွင်းရှိ ယာဉ်လိုင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်”ဟု Power Eleven အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတရုတ်လေးက ဆိုသည်။

City Liner အများပိုင်ကုမ္ပဏီ လက်အောက်ရှိ YBS ၃၉ ယာဉ်လိုင်းမှာ ဇန်နဝါရီလ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ လမ်းညွှန်မှုအရ ပူးပေါင်းပြေးဆွဲခဲ့သည်။

“လက်ရှိက မူဝါဒပဲ ပူးပေါင်းတာပါ။ ယာဉ်လိုင်းတွေ ဘယ်လောက်များများ မူဝါဒတစ်ခုတည်းနဲ့ပြေးရင် ဝန်ဆောင်မှုကောင်းတဲ့ YBS စနစ်အဖြစ် အောင်မြင်နိုင်မှာဖြစ်တယ်”ဟု ဦးတရုတ်လေးက ဆိုသည်။

အများပိုင်ကုမ္ပဏီများ ပူးပေါင်းပြေးဆွဲရန် Lucky Family အများပိုင်ကုမ္ပဏီလက်အောက်ရှိ YBS ၄၂ ယာဉ်လိုင်းနှင့် ရွှေလမ်းခင်းကုမ္ပဏီလက်အောက်ရှိ YBS ၄၀ ယာဉ်လိုင်းတို့နှင့် ဆက်လက်ပူးပေါင်းရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း Power Eleven အများပိုင်ကုမ္ပဏီထံမှ သိရသည်။

လက်ရှိတွင် အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ ၂၂ ခုရှိပြီး ၂၀၁၈ ခုနှစ်အတွင်း တစ်ဦးပိုင်ကုမ္ပဏီများကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“တစ်ဦးပိုင်ကို ဖျက်သိမ်းလာတာ သုံးပုံနှစ်ပုံလောက် ဖြစ်လာပြီ။ ဒီနှစ်ထဲမှာ ကုမ္ပဏီအစစ်လုပ်မယ်။ ဒီနှစ်ထဲ တစ်ဦးပိုင်ကုမ္ပဏီကို အပြီးဖျက်သိမ်းမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်း ၉၃ လိုင်းရှိပြီး ယာဉ်စီးရေ ၅၃၀၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06



FOLLOW US