News

10-Feb-2017

YBS
YBS စနစ်တစ်ခုလုံး ဝန်ကြီးချုပ်ကသာ စီမံခြင်းဖြစ်ဟု YRTA အတွင်းရေးမှူးပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရန်ကုန်မြို့၏ ခရီးသည် သယ်ယူပို့ဆောင်မှုကို ဝန်ဆောင်မှု ပေးနေသည့် YBS (Yangon Bus services) စနစ်တစ်ခုလုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စီမံဆောင်ရွက်ချက်သာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော YBS ယာဉ်လိုင်းစနစ်သည် JICA က အကြံပြု တင်ပြထားသောစနစ် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဂျပန်စီးပွားရေး သံမှူး Mr. Hideaki Matsuo ၏ ပြောကြားမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။
“JICA ရဲ့ Master Plan ထဲမှာ အခုလုပ်နေတဲ့ စနစ်တွေ မပါဘူး။ သူတို့ဟာကို လုပ်မယ်ဆိုရင် အကြာကြီး စောင့်ရဦးမှာ” ဟု အဆိုပါအဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိ YBS ယာဉ်လိုင်းများ ပြေးဆွဲခြင်း၊ ပိုင်ဆိုင်မှုစနစ် ပြောင်းခြင်းများသည် တိုင်းအစိုးရ၏ အစီအစဉ်သာ ဖြစ်ကြောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ အကြံပြုချက် အတိုင်းလည်း လုပ်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ပြင်ပကလူတွေ ဒီမှာရှိတဲ့ ပညာရှင်တွေလောက် နိုင်ငံရဲ့ အခြေအနေကို မသိဘူး။ ဒါကြောင့်လည်း မသုံးတာ” ဟု ၎င်းက ဆိုသည်။

YBS ယာဉ်လိုင်း ပြေးဆွဲခြင်းစနစ်သည် ဝန်ဆောင်မှုကို အခြေပြုသည့် ဘေးကင်းလုံခြုံခြင်း၊ ယုံကြည်စိတ်ချစွာ စီးနင်းနိုင်ခြင်းတို့အတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး အဆိုပါ အချက်များ ဆောင်ရွက်ရန် တစ်ဦးပိုင်စနစ်ကို အများပိုင် ကုမ္ပဏီစနစ် ပြောင်းလဲရန် လိုအပ်ကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။

JICA အဖွဲ့အစည်းသည် ၂၀၁၃ ခုနှစ်တွင် သယ်ယူပို့ဆောင်ရေးနှင့် ရန်ကုန်မြို့ပြ စီမံကိန်း အကောင်အထည်ဖော်ရေး Master Plan ကို ရေးဆွဲခဲ့ပြီး YCDC (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ) ထံ တင်ပြခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အစိုးရသစ် လက်ထက်၌ ထပ်မံ ပြင်ဆင်ရေးဆွဲခဲ့ကာ တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး ယင်းကို မတ်လအတွင်း ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြုရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

J-06



FOLLOW US