News

07-Feb-2017

YBS
YBS ယာဉ်လိုင်းကိစ္စ JICA နှင့် မသက်ဆိုင်ဟု ဂျပန်ငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော YBS ယာဉ်လိုင်းစနစ်သည် JICA က အကြံပြု တင်ပြထားသော စနစ်မဟုတ်ကြောင်း ဂျပန်စီးပွားရေးသံမှူးက ပြောကြားသည်။

YBS ယာဉ်လိုင်းစနစ်သည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ အကောင်အထည်ဖော်သော စနစ်တစ်ခုသာဖြစ်ပြီး အဆိုပါစနစ်အပေါ် JICA မှ အကြံပြုထားခြင်း မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဂျပန်စီးပွားရေးသံမှူး Hideaki Matsuo က ဖေဖော်ဝါရီ ၇ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

“YBS စနစ်က တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး လုပ်နေတာ။ အခုဆို လူမှုကွန်ရက်မှာ တွေ့နေရတယ်။ ပြည်သူတွေ အဆင်မပြေစွာ သွားနေရတာကို တွေ့နေရတယ်”ဟု ၎င်းကဆိုသည်။

JICA အဖွဲ့အစည်းအနေနှင့် ၂၀၁၃ ခုနှစ်၌ သယ်ယူပို့ဆောင်ရေးနှင့် ရန်ကုန်မြို့ပြ စီမံကိန်း အကောင်အထည်ဖော်ရေး Master Plan ကို ရေးဆွဲခဲ့ပြီး YCDC (ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ)ကို တင်ပြခဲ့ပြီးနောက်  ၂၀၁၆ ခုနှစ် အစိုးရသစ် လက်ထက်၌ ထပ်မံ ပြင်ဆင် ရေးဆွဲခဲ့ပြီး တိုင်းအစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း၊ ယင်း Master Plan ကို မတ်လအတွင်း၌ ကျင်းပမည့် တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

“ JICA က ရေးဆွဲထားတဲ့ Master Plan ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လမှာ ကျင်းပမယ့် လွှတ်တော်မှာ အတည်ပြုသွားဖို့ ရှိတယ်”ဟု ဂျပန်စီးပွားရေးသံမှူးက ဆက်လက် ပြောသည်။

ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က မ.ထ.သ စနစ်ကို ဖျက်သိမ်းပြီး YBS စနစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်၍ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ YBS စနစ်၌ ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်းများသည် ယာဉ်လိုင်း အချင်းချင်း ကွန်ရက် ချိတ်ဆက်နိုင်မှုအား နည်းခြင်း၊ မော်တော်ယာဉ် မလုံလောက်ခြင်းတို့ကြောင့် စီးနင်းသူများက တိုင်း အစိုးရအပေါ် ဝေဖန်လျက် ရှိသည်။

“ယာဉ်လိုင်းတွေက အဆင်မပြေဘူး။ ည ၈ နာရီ နောက်ပိုင်းဆို ယာဉ်လိုင်းတွေမရှိတော့ အောက်ဆိုက်ကားတွေကို အားကိုးနေရတယ်”ဟု သာကေတမြို့တွင် နေထိုင်သူက ပြောသည်။

J-07

  • VIA


FOLLOW US