News

30-Jan-2017

YBS
YBS ယာဉ်များကို စည်းကမ်းထိန်းသိမ်းမှု အားနည်းဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်မြို့တော်အတွင်း အစုအဖွဲ့ပိုင်စနစ်ဖြင့် ပြေးဆွဲနေသော YBS ယာဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနှင့် စည်းကမ်းထိန်းသိမ်းမှု အားနည်းနေသေးကြောင်း ဘတ်စ်ကားစီး ခရီးသွားပြည်သူများထံမှ စုံစမ်း သိရှိရသည်။

ဇန်နဝါရီလ ၁၆ ရက်မှစ၍ YBS စနစ်သို့ စတင် ပြောင်းလဲပြီးသည့်ရက် အနည်းငယ် အချိန်တွင်း စည်းကမ်းလိုက်နာမှု အားနည်းလာခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများက ဆိုသည်။

“စည်းကမ်းထိန်းသိမ်းမှုကတော့ သက်ဆိုင်ရာ ယာဉ်လိုင်း အသီးသီးက အစုအဖွဲ့ပိုင် ကုမ္ပဏီတွေကို တာဝန်ပေးထားပါတယ်။ အခုအချိန်ကလည်း တိုင်ကြားမှုတွေကို ပြန်စိစစ်ပြီးတော့ လိုအပ်တာတွေကို ညွှန်ကြား ဆောင်ရွက်နေပါတယ်”ဟု YRTA အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ရန်ကုန်မြို့အတွင်း သယ်ယူပို့ဆောင်နေသော YBS ယာဉ်လိုင်းများ အနေနှင့် လက်ရှိတွင် ရပ်၊ ချ၊ တင်၊ ထွက်၊ ကျင့်သုံးသည့်စနစ် နည်းပါးနေခြင်း၊ ယာဉ်လမ်းကြောင်းတူများအကြား အပြိုင်မောင်းနှင်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ မှတ်တိုင်များအကြား အချိန်ကြာမြင့်စွာ ရပ်နားခြင်းစသော စည်းကမ်းများကို လိုက်နာကျင့်သုံးမှု အားနည်းနေသေးကြောင်း ခရီးသွား ပြည်သူများထံမှ စုံစမ်း သိရှိရသည်။

“အခုမောင်းတာက မထသ အတိုင်းပဲ၊ ပြိုင်မောင်းတာက ရှိနေသေးတယ်။ YBS က အစပိုင်းလောက်ပဲ ပြောင်းလဲတာပါ။ ခုတော့ အရင်ကအတိုင်းပဲ။ မှတ်တိုင်မှာ အကြာကြီး ရပ်တာကလည်း မပြောင်းလဲသေးဘူး”ဟု မြောက်ဥက္ကလာပမြို့နယ်နေ ကိုကျော်ကျော်က ဆိုသည်။ 

YBS စနစ်စတင် ကျင့်သုံးစဉ်တွင် အစုအဖွဲ့ပိုင် ကုမ္ပဏီများကို ဝေပုံကျစနစ်ဖြင့် ခွဲဝေယူရန် ရန်ကုန်တိုင်းဒေသကြီး  အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ယာဉ်လိုင်းများတွင် အချိုးကျခွဲဝေရာတွင် အခက်အခဲရှိသည့်အတွက် ယခင်ကဲ့သို့ (ပိုင်၊ မောင်း၊ ရောင်း) ခွဲဝေမှု စနစ်ဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။

“လက်ရှိက တိုင်ကြားခံရတဲ့ ယာဉ်လိုင်းဆိုရင် တိုင်ကြားခံရမှုကို ပြန်စိစစ်ပြီး  တကယ် အပြစ်ပေးတာတွေ ရှိပါတယ်။ အနည်းဆုံး လိုင်းတစ်ရက် ပိတ်တာတို့၊ တစ်လနားတာတို့၊ လိုင်းကနေ ထုတ်ပယ်တာတို့ဆိုတဲ့ ပြစ်ဒဏ် ပေးမှုတွေလည်း လုပ်ပါတယ်”ဟု အစုအဖွဲ့ပိုင် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ တစ်ဦးက ဆိုသည်။

YBS ယာဉ်လိုင်းများ၏ စည်းကမ်း ဖောက်ဖျက်မှုများကို မထသ စည်းကမ်းချက် ၁၃၈ ချက်နှင့်သာမက ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်လည်း ကြီးကြပ် ဆောင်ရွက်နေကြောင်းနှင့် ခရီးသည်များ အနေနှင့် ထိန်းချုပ်ရေး စင်တာသို့ ယာဉ်လိုင်း အမည်နှင့်တကွ တိုင်ကြားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိတွင် ဇန်နဝါရီလ ၂၄ ရက်အထိ YBS ယာဉ်များအပေါ် တိုင်ကြားမှုပေါင်း တစ်ထောင့်ရှစ်ရာကျော်အထိ ရှိခဲ့ပြီး ထက်ဝက်ကျော်ကို အရေးယူထားပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

J-14

  • VIA


FOLLOW US