News

29-Jan-2017

YBS
မြို့ထဲဝင်သည့် YBS ယာဉ်များ ည ၁၀ နာရီအထိ ပြေးဆွဲရမည်
ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြို့ထဲပိုင်းတွင် ညပိုင်းစီးနင်းသော ခရီးသည်များ စုပုံနေသည်ကို ဖြေရှင်းရန် မြို့ထဲဝင်သည့် YBS ယာဉ်များ ည ၁၀ နာရီအထိ ပြေးဆွဲရန် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

“မြို့ထဲဝင်တဲ့ကားတွေ ည ၁၀ နာရီအထိ ရှိရမယ်လို့ ထုတ်ပြန်ချက်ထုတ်ဖို့ အခုလုပ်နေတယ်။ ဒီရက်ပိုင်းထဲ ထုတ်ပြန်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲချိန်မှ လက်ရှိအချိန်အထိ ခရီးသည်များ စီးနင်းမှု အခက်အခဲကို ဖြေရှင်းလျက်ရှိပြီး Plan A၊ B ဟူ၍ စီမံဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ လိုအပ်ချက်များကို ချက်ချင်းဖြေရှင်းခြင်းကိုသာ ဆောင်ရွက်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ခရီးသည်များ၏ အခက်အခဲများတွင် လိုအပ်သည်များကို ပြန်လည်စိစစ်လျက်ပြီး လမ်းကြောင်းလိုအပ်ချက်၊ ယာဉ်လိုအပ်ချက်များနှင့် ယာဉ်လုပ်သားများ စည်းကမ်းဖောက်မှုများကို စစ်ဆေးအရေးယူနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

မြို့ထဲမှ အလုပ်ပြန်သည့် ခရီးသည်များသည် ည ၇ နာရီကျော်ချိန်တွင် YBS ယာဉ် မရှိတော့သဖြင့် ခရီးသည်များ မှတ်တိုင်တွင် စုပုံနေပြီး ယာဉ်လိုအပ်ချက်များကြောင့် ကျပ်တည်းအောင် စီးနင်းနေရကြောင်း ခရီးသည်များက ပြောကြားသည်။

“လမ်းကြောင်းပျောက်တာဆိုရင် ပြန်ထည့်ပေးနေတယ်။ တချို့ကလည်း အဆင်မပြေဘူး ဆိုတာတော့ ရှိသေးတာပေါ့။ လမ်းကြောင်းတွေက အများကြီး လျှော့လိုက်တာကို အရင်ကလို ကိုယ့်အိမ်ရှေ့က စီးရတာမျိုး မဟုတ်တော့ဘူး။ လမ်းတော့ နည်းနည်းလျှောက်ရမယ်” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်း ၇၀ ကျော်ရှိပြီး တစ်ရက်လျှင် ယာဉ် ၃၅၀ဝ ကျော်ဖြင့် ခရီးသည် နှစ်သန်းကျော်ကို ပို့ဆောင်လျက်ရှိရာ မြို့ထဲပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများမှာ YBS ၄၊ ၅၊ ၇၊ ၈၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၄၊ ၂၆ စသည့် ယာဉ်လိုင်းတို့ ဖြစ်ကြောင်း YBS Yangon Bus Service ထံမှ သိရသည်။

J-06



FOLLOW US