News

28-Jan-2017

YBS
YBS အတွက် တရုတ်မှ ကားအစီးတစ်ထောင်ဝယ်ရန် ညှိနှိုင်း
ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရန်ကုန်မြို့တော်အတွင်း အများပိုင်စနစ်ကဲ့သို့ ယာဉ်ပိုင်ရှင်များ စုပေါင်းပြေးဆွဲသည့် YBS ယာဉ်လိုင်းတွင် ထည့်သွင်းပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ယာဉ်စီးရေတစ်ထောင် ဝယ်ယူနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

“တရုတ်နိုင်ငံကနေ ယာဉ်စီးရေတစ်ထောင် ဝယ်ဖို့ လုပ်နေတယ်။ အခုက ဈေးနှုန်းညှိနှိုင်းနေဆဲပါ။ လပိုင်းအတွင်း ရောက်နိုင်အောင် ဆောင်ရွက်နေတယ်” ဟု အဆိုပါအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောဆိုခဲ့သော်လည်း မည်သည့်ကုမ္ပဏီနှင့် ဆောင်ရွက်နေသည်၊ အနိမ့်ဆုံး ယာဉ်တန်ဖိုးနှုန်း၊ ယာဉ်များ ရောက်ရှိလာပါက မည်သို့ စီမံခန့်ခွဲမည် ဆိုသည်များကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။

YBS စနစ်အတွက် တရုတ်နိုင်ငံတွင် ၂၀ဝ၈ ခုနှစ် ဘေဂျင်းအိုလံပစ်ကာလက အသုံပြုခဲ့ပြီးသည့် ယာဉ်စီးရေ ၁၀ဝ၀ ကို တင်သွင်းရန် စီစဉ်ထားပြီး မကြာခင် ရောက်ရှိမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မတ်လတွင် YBS ယာဉ်စီးရေ တစ်ထောင် ရောက်ရှိရန် ဝန်ကြီးချုပ်က စီစဉ်လျက်ရှိပြီး လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများ အနေနှင့် ယာဉ်ငါးစီး သို့မဟုတ် ၁၀ စီးခန့် ထပ်တိုးပြေးဆွဲပေးရန် ခိုင်းစေထားကြောင်း Power Eleven အများပိုင်ကုမ္ပဏီပိုင်ရှင် ဦးတရုတ်လေးက ပြောကြားသည်။

ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဗန္ဓုလအများပိုင်  ကုမ္ပဏီမှလွဲ၍ ယာဉ်လိုင်းခုနစ်ခုတွင် အစိုးရအဖွဲ့ အနေနှင့် ၅၀ ရာခိုင်နှုန်းရင်း နှီးမြှုပ်နှံပေးရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

လက်ရှိ YBS ယာဉ်လိုင်းတွင် ယာဉ်စီးရေ လိုအပ်ချက် ဖြည့်ဆည်းရန် ယာဉ် ၁၂၀ စီးကို  ဝယ်ယူထားသော်လည်း ဇန်နဝါရီလ ၂၈ ရက်အထိ ထည့်သွင်းပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း YBS Yangon Bus Service ထံမှ သိရသည်။

YBS စနစ်ကို စတင်သည့်အချိန်မှ ဇန်နဝါရီလ ၂၈ ရက်အထိ ရက်ပေါင်း ၁၃ ရက် ရှိလာခဲ့ပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ YBS ကြောင့် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိကြောင်း ခရီးသွားပြည်သူ အများစုက ဆိုသည်။

ရန်ကုန်အစိုးရက အကောင်အထည် ဖော်နေသော YBS စနစ်ကို ဝေဖန်သူများမှာ မည်မည်ရရ ရေရေရာရာ သိထားခြင်းမရှိဘဲ ကောက်ချက်ချ၍ ထင်ရာလျှောက်ရေးနေကြခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် MICT ၌ ကျင်းပသော ဘားကမ့်ရန်ကုန်ပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်း ၇၀ ကျော်ရှိပြီး တစ်ရက်လျှင် ယာဉ် ၃၅၀ဝ ကျော်ဖြင့် ခရီးသည် နှစ်သန်းကျော်ကို ပို့ဆောင်လျက်ရှိသည်။   

J-06



FOLLOW US