News

26-Jan-2017

မထသ YBS
မထသလုပ်အားခရှင်းစနစ်ဖြင့် YBS ယာဉ်များ ပြေးဆွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်ကို ဇန်နဝါရီလ ၁၆ ရက်မှ စတင် ပြောင်းလဲ ပြေးဆွဲရာတွင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ယခင် မထသ လုပ်အားခရှင်း စနစ်ဖြင့်သာ ပေးဆောင် ပြေးဆွဲစေလျက်ရှိကြောင်း ယာဉ်လိုင်း အစုအဖွဲ့ပိုင် ကုမ္ပဏီများထံမှ သိရသည်။

ရန်ကုန် မြို့ပြ သယ်ပို့ဆောင်ရေး စနစ်သစ်အဖြစ် ရှိပြီး ယာဉ်လိုင်းများမှ ယာဉ်ဟောင်းများကို တစ်ရက်တာ ပြေးဆွဲရရှိငွေကို ဝေပုံကျ ခွဲဝေယူစေကာ ပြေးဆွဲမည် ဆိုသော်လည်း လက်ရှိအချိန်ထိ ယခင် စနစ်ဟောင်းတွင် ကျင့်သုံးခဲ့သော ပိုင်၊ မောင်း၊ ရောင်းစနစ်ဖြင့်သာ ခွဲဝေပြေးဆွဲလျက်ရှိကြောင်း ယာဉ်လိုင်းအစုအဖွဲ့ပိုင် ကုမ္ပဏီများထံမှ သိရသည်။

YBS စနစ် စတင် ကျင့်သုံးစဉ်တွင် အစုအဖွဲ့ပိုင် ကုမ္ပဏီများကို ဝေပုံကျစနစ်ဖြင့် ခွဲဝေယူရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ယာဉ်လိုင်းများ၌ အချိုးကျ ခွဲဝေရာ၌ အခက်အခဲရှိသည့်အတွက် ယခင်ကဲ့သို့ (ပိုင်၊ မောင်း၊ ရောင်း) အချိုးကျ ခွဲဝေမှုစနစ်ဖြင့် ပြေးဆွဲနေခြင်း ဖြစ်ကြောင်း ယာဉ်လိုင်း အများစုထံမှ သိရသည်။

“အဓိက YBS စနစ်ကတော့ ပြေးဆွဲမှုကို စည်းကမ်း လိုက်နာအောင် ပြောင်းလဲတာပါ။ ကားတွေမှာ ငွေပေးချေတဲ့ပုံစံက ကတ်စနစ်နဲ့ မပြောင်းလဲနိုင်သေးတဲ့အတွက် ခုလိုပဲ အချိုးကျ ခွဲဝေမှုစနစ်ကို ဝန်ကြီးချုပ်နဲ့ နားလည်မှုယူပြီး ကြားကာလအနေနဲ့ ခွင့်ပြုထားတာပါ”ဟု အစုအဖွဲ့ပိုင် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ တစ်ဦးက ဆိုသည်။

YBS စနစ်တွင် ယာဉ်လိုင်းများရှိ ယာဉ်များသည် ယာဉ်တစ်စီးချင်းအလိုက် တစ်နေ့တာ ရရှိငွေများကို စုပေါင်းကာ ဘဏ်သို့ နေ့စဉ် အပ်နှံရခြင်းဖြစ်ပြီး နောက်တစ်နေ့တွင် ယင်းအပ်နှံငွေများကို ယာဉ်ပိုင်ရှင်များက ပြန်လည် ထုတ်ယူခြင်းဖြစ်ပြီး မိမိတို့၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို တစ်နေ့တာ ရရှိမှုများ၏ ပမာဏအပေါ် သတ်မှတ်ထားသော ရာခိုင်နှုန်းများဖြင့် အချိုးကျ ခွဲဝေလျက်ရှိကြောင်း ယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။

“လက်ရှိမှာ ပိုင်၊ မောင်း၊ ရောင်း စနစ်ဆိုပေမယ့် အရင်ကိုယ်ရကိုယ်ယူစနစ်လို မဖြစ်အောင် ယာဉ်လွှတ်မှုစနစ်နဲ့ ပြန်ထိန်းတယ်။ အကယ်၍ ယာဉ်တွေက Serial ကိုကျော်တက်တာတို့ဆိုရင် စည်းကမ်းဖောက်တာတို့ဆိုရင် အနည်းဆုံး တစ်ရက်ကနေ ရက်သုံးဆယ်အထိ လိုင်းပိတ် အရေးယူတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ပါတယ်”ဟု အစုအဖွဲ့ပိုင် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာက ဆိုသည်။

လက်ရှိတွင် ယာဉ်လိုင်းများက အစုအဖွဲ့ပိုင် ကုမ္ပဏီများသို့ ပြေးဆွဲမှုအတွက် တစ်ရက်လျှင် ခြောက်ထောင်ကျပ် ပေးသွင်းရပြီး ယခင် မထသစနစ်တွင် တစ်နေ့တာ ပြေးဆွဲမှုအတွက် အခေါက်ရေအလိုက် ကျပ် လေးထောင်မှ ကျပ်ငါးထောင်အထိ ပေးရကြောင်း ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များထံမှ သိရသည်။

“အစကတော့ ကျွန်တော်တို့ကို တစ်ရက်ကို ခေါက်ရေနှုန်းထားနဲ့ ရှင်းပေးတော့ ဂိတ်ကိုအပ်တာ အရမ်းနည်းလို့ ယာဉ်ပိုင်ရှင်တွေက ကိုယ့်မောင်း၊ ရောင်း ကိုယ်ရှင်းဆိုပြီး ပြန်လုပ်လိုက်တာပါ။ အစက အဆင်မပြေပေမယ့် ခုတော့ အရင်လိုပြန်ရတယ်။ အခုက ပြိုင်မောင်းလို့ မရတော့ဘူး”ဟု YBS အမှတ် ၆၄ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် တစ်ဦးက ဆိုသည်။

YBS စနစ် ပြောင်းလဲကျင့်သုံးသည့် ပထမငါးရက်တာ ကာလအတွင်း ယာဉ်လိုင်းများ အနေဖြင့် သတ်မှတ် မှတ်တိုင် ရပ်ခြင်း၊ ရပ်၊ ချ၊ တင်၊ ထွက် စနစ် ကျင့်သုံးခြင်းများကို ကျင့်သုံးလျက် ရှိခဲ့သော်လည်း လက်ရှိတွင် မှတ်တိုင်ကျော် ရပ်ခြင်း၊ မှတ်တိုင်များတွင် ကားရပ်နားမှု ကြာရှည်ခြင်းများ ရှိကြောင်း ခရီးသွားအချို့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက်မှစတင်ကာ လက်ရှိ ပြေးဆွဲနေသည့် YBS ယာဉ်များ၌ ယာဉ်လိုင်းပေါင်း ၇၀ ကျော်တွင် ယာဉ်စီးရေ ၃၅၀ဝ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး နောက်ပိုင်းတွင် ခရီးသည်များ အဆင်ပြေစေရန် ယာဉ်လိုင်းနှင့် ယာဉ်စီးရေများ တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် YBS ယာဉ်များကို မထသက ချမှတ်ခဲ့သည့် စည်းကမ်း ၁၃၈ ချက်နှင့်သာမက ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ထိန်းသိမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပြီး ဇန်နဝါရီလ ၂၄ ရက်အထိ YBS ယာဉ်များအပေါ် တိုင်ကြားမှု ပေါင်း တစ်ထောင့်ရှစ်ရာကျော်အနက် ထက်ဝက်ကျော်ကို အရေးယူထားပြီး ဖြစ်သည်။

J-14

  • VIA


FOLLOW US