News

25-Jan-2017

YBS
ခရီးသည်များသည့်နေရာ၌ ည ၉ နာရီနောက်ပိုင်း YBS ပြေးဆွဲမည်ဟု ဝန်ကြီးချုပ် ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်မြို့တော်အတွင်း ယနေ့ ညနေပိုင်းမှစတင်၍ ည ၉ နာရီနောက်ပိုင်း ခရီးသည်များ စုပုံနေသည့်နေရာများသို့  ညပိုင်းယာဉ်များ သီးခြား ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၂၅ ရက်က ကျင်းပသည့် မြေနီကုန်းခုံးကျော် တံတား စီမံကိန်းဖွင့်ပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညပိုင်းကားများကို ခရီးသည် စီးနင်းမှု များပြားသည့် သခင်မြပန်းခြံ၊ သမိုင်းလမ်းဆုံ၊ ဆူးလေ စသည့်နေရာများကို အဓိကထား ပြေးဆွဲပေးမည်ဖြစ်ပြီး ဘတ်စ်ကား စီးနင်းသူ များပြားသည့် အခြားနေရာများကိုလည်း သီးခြား ပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထိုသို့ ပြေးဆွဲမည်ဟု ပြောဆိုသော်လည်း လက်တွေ့တွင် ပြေးဆွဲမည့်ယာဉ် အရေအတွက်နှင့် မည်သည့်အချိန်အထိ ပြေးဆွဲပေးမည် ဆိုသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။

“ယာဉ်လိုင်းတွေက ပိုက်ဆံရတဲ့ နေရာကိုပဲ ကားသမားတွေ ပြေးချင်တယ်။ ပိုက်ဆံမရတဲ့ နေရာကို ကားသမားက မပြေးချင်ဘူး။ မျှခြေ တစ်ခုမှာ အားလုံးကို ဖြစ်စေချင်ပါတယ်။ ဒီနေ့ကစပြီး ညဘက်တွေမှာ ကားတွေ လုံလုံလောက်လောက် ထွက်ပေးနိုင်ဖို့ ညဘက်ပဲ သီးခြားထွက်မယ့်ကားတွေ စီစဉ်နေပါတယ်။ အစီးရေကတော့ လိုအပ်ရင် လိုအပ်သလောက် ထွက်ဖို့ စီစဉ်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

နေ့စဉ် YBS ယာဉ်လိုင်းများမှာ မနက် ၅ နာရီ မှ ည ၉ နာရီထိ ပြေးဆွဲပေးလျက်ရှိပြီး ယခုလက်ရှိ ည ၉ နာရီ နောက်ပိုင်း ပြေးဆွဲချင်သည့် ယာဉ်လိုင်း တော်တော်များများ ထွက်ပေါ်ကြောင်း ကရင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဖာမျိုးက ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက်မှစ၍ လက်ရှိ ပြေးဆွဲနေသည့် YBS ယာဉ်များတွင် ယာဉ်လိုင်းပေါင်း ၇၀ ကျော်ရှိပြီး ယာဉ်အစီးရေ ၃၅၀ဝ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး နောက်ပိုင်းတွင် ခရီးသည်များ အဆင်ပြေစေရန် ယာဉ်လိုင်းနှင့် ယာဉ်အစီးရေများ တိုးချဲ့ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“အရင်ကဆို ည ၉ နာရီနောက်ပိုင်း ဆူးလေကနေ သာကေတကိုပြန်ရင် အောက်ဆိုဒ်ကားတွေ ရှိပါတယ်။ အခုက အောက်ဆိုဒ်ကားတွေကလည်း မတန်တဆ တောင်းတယ်။ YBS ယာဉ်လိုင်း စတင် ပြေးဆွဲလိုက်တဲ့ နောက်ပိုင်း ညဘက် ၉ နာရီကျော်ရင် ဘတ်စ်ကား ရှားတော့ အရမ်း ဒုက္ခရောက်ပါတယ်။ ခရီးသွား ပြည်သူတွေ အဆင်ပြေဖို့ ညဘက် ၉ နာရီ ယာဉ်တွေ များများ ပြေးဆွဲပေးဖို့ လိုအပ်ပါတယ်”ဟု သာကေတမြို့နယ်နေ ကုမ္ပဏီဝန်ထမ်း ဒေါ်ယမုံက ဆိုသည်။

ည  ၉ နာရီအချိန်တွင် တာမွေဗလီမှ တောင်ဒဂုံ ခရီးစဉ်အတွက် အောက်ဆိုဒ် ကား(ကြားကား)၏ ယာဉ်စီးခမှာ ကျပ် လေးရာရှိကြောင်း၊ တရားဝင် လိုင်းကားများ မရှိတော့၍ ဘီအမ်ယာဉ်များမှာ အောက်ဆိုဒ်ဆွဲ၊ ပြေးဆွဲကြောင်း၊ အဆိုပါ ကားပင်လျှင် ပြေးဆွဲမှု နည်းသည့်အတွက် အလုအယက် တိုးဝှေ့တက်ကြရကြောင်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်နေ ဦးရဲမင်းက ဆိုသည်။

လက်ရှိတွင် ည ၈ နာရီကျော်မှ ၁၀ နာရီအတွင်း ညဘက်ပြန်သည့် ခရီးသည် များပြားလျက်ရှိပြီး YBS ယာဉ်လိုင်းများ ည ၉ နာရီ နောက်ပိုင်းတွင် ပြေးဆွဲခြင်း မရှိသည့်အတွက် အောက်ဆိုဒ် ယာဉ်လိုင်းများကိုသာ ပုံမှန်ထက် နှစ်ဆသုံးဆ ပိုပေးကာ စီးနေရပြီး တာမွေဗလီ၊ တာမွေဈေး၊ ဆူးလေ၊ သခင်မြပန်းခြံ၊ လှည်းတန်း၊ သမိုင်း လမ်းဆုံ၊ တာမွေအဝိုင်း၊ အင်းစိန်ပန်းခြံ စသည့် မှတ်တိုင်များတွင် ည ၉ နာရီနောက်ပိုင်း ခရီးသည် စောင့်ဆိုင်းမှု များပြားလျက် ရှိသည်။

J-10

  • VIA


FOLLOW US