News

23-Jan-2017

YBS
ည ၇ နာရီနောက်ပိုင်း YBS ပြေးဆွဲမှု အလွန်နည်း၍ ခရီးသည်များ အခက်ကြုံ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်မြို့တွင်း ည ၇ နာရီ နောက်ပိုင်းမှစ၍ YBS တံဆိပ်တပ် ခရီးသည်တင်ယာဉ် အများစု ပြေးဆွဲခြင်းမရှိတော့သဖြင့် ခရီးသည်များ ညပိုင်း အိမ်ပြန်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ 

ယင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ စီစဉ်ထားသည်၊ မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံ မေးမြန်းရာ တာဝန်ယူ ဖြေကြားနိုင်သူ မရှိကြောင်း အဆိုပါအဖွဲ့ တွဲဖက် အတွင်းရေးမှူးက ပြောကြားသည်။

တစ်ပတ်ကျော်ကြာ စနစ်ပြောင်း ပြေးဆွဲခဲ့ပြီး ယာဉ်လိုင်း ၁၀ ခုကျော်မျှ ရှိလာသော်လည်း ခရီးသည် သယ်ယူ ပို့ဆောင်ရာတွင် လိုအပ်ချက် များစွာရှိသည့်အပြင် ခရီးသည်တင်ယာဉ် မရှိသည့် အခက်အခဲများပါ ကြုံတွေ့နေရကြောင်း ခရီးသည်တင်ယာဉ် စီးနင်းသူများထံမှ သိရသည်။

ခရီးသည်များ စုပုံနေသည့်ကိစ္စသည် YRTA က ဖွဲ့စည်းထားသည့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို တာဝန် ယူထားသူ ဒေါက်တာမောင်အောင်နှင့်သာ သက်ဆိုင်သည်ဟု ဦးသန်းဝင်းက ပြောဆိုသဖြင့် ဒေါက်တာ မောင်အောင်ထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပြည်ပသို့ ရောက်ရှိနေသဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှသာ ပြန်လည် မေးစေလိုကြောင်း ဒေါက်တာ မောင်အောင်က ဖြေဆိုခဲ့သည်။

Yangon Bus Service ၏ အရေးပေါ် ဆက်သွယ်ရန်ဆိုသည့် ဖုန်းနံပါတ်ဖြစ်သော ဝ၉-၄၄၈၁၄၇၁၅၃ ထံ ဆက်သွယ်မေးမြန်းရာ ဖုန်းဖြေဆိုသူက ခရီးသည်များ၏ အရေးပေါ် လိုအပ်ချက် ဖြည့်ဆည်းပေးရန် လိုအပ်နေသည့် အရန်ကားများ စီစဉ်ပေးရန် ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု ဖြေကြားခဲ့သော်လည်း စီးရေမည်မျှနှင့် မည်သည့်အချိန်တွင် ပြေးဆွဲပေးမည် ဆိုသည်ကို ဖြေကြားခဲ့ခြင်း မရှိပေ။

စနစ်သစ် စတင်ချိန်တွင် ကြားကားများ ပပျောက်ရန် ခရီးသည်တင်ယာဉ် ပြေးဆွဲချိန်ကို ည ၉ နာရီအထိ ပြေးဆွဲရန် ဆောင်ရွက်မည်ဟု YRTA က ပြောဆိုထားသော်လည်း ယာဉ်လိုင်းများသည် အခေါက်ရေ လေးခေါက် ပြည့်သည့်အချိန်တွင် ခရီးသည် ပို့ဆောင်ပေးခြင်း မရှိတော့ကြောင်း ခရီးသည်များက ပြောကြားသည်။

“မနေ့က ဆူးလေကနေ အင်းစိန်ကို ပြန်ဖို့ ည ၈ နာရီပဲ ရှိသေးတယ်။ ကားတွေ မရှိတော့ဘူး။ မှတ်တိုင်မှာလည်း အခြားနေရာကိုသွားမယ့် ခရီးသည်တွေပါ ပုံနေတာပဲ”ဟု အိမ်ပြန်ရန် အခက်အခဲ ဖြစ်နေဆဲဖြစ်သည့် ခရီးသည် အမျိုးသမီး တစ်ဦးက ဆိုသည်။

ယာဉ်လိုင်းများတွင် ယာဉ်စီးရေ နည်းပါနေခြင်းနှင့် ခရီးသည်များ ညပိုင်းအချိန် စုပုံနေခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှ ၅ နာရီအထိ ဆက်သွယ် ခေါ်ဆိုသော်လည်း ဖုန်းမကိုင်ပေ။ 

ရန်ကုန်မြို့တော်တွင် ခရီးသည်တင်ယာဉ် စီးနင်းသူ တစ်ရက်လျှင် ၂ ဒသမ ၈ သန်းရှိပြီး အများပိုင်စနစ်ကဲ့သို့ စုပေါင်း ပြေးဆွဲမှု မစခင်အချိန်က ယာဉ် ၄၆၀ဝ ခန့် ထွက်ရှိခဲ့သော်လည်း အဆိုပါ စနစ် စတင်သည့် ဇန်နဝါရီလ ၁၆ ရက်မှ ၂၃ ရက်အထိ YBS ယာဉ် ၃၀ဝ၀ ကျော်သာ ပြေးဆွဲနိုင်သေးသည်။

J-06

  • VIA


FOLLOW US