News

20-Jan-2017

YBS
YBS ယာဉ်လုပ်သားများကို မထသ စည်းကမ်းများဖြင့် ဆက်အရေးယူမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မြို့တော်တွင်း ဇန်နဝါရီလ ၁၆ ရက်မှစ၍ ခရီးသည် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသည့် YBS တံဆိပ်တပ် ယာဉ်လိုင်းများမှ ယာဉ်လုပ်သားများကို ယခင်မထသ (ဗဟို) ၏ စည်းကမ်းချက် ၁၃၈ ချက်ဖြင့်ပင် အရေးယူမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

“မထသရဲ့ စည်းကမ်းချက် ၁၃၈ ချက်ဆိုတာ ရှိတယ်။ အဲဒါနဲ့ပဲ အရေးယူမှာပါ။ ဒါကို ဥပဒေချုပ်ရုံးကို တင်ပြီးပြီ” ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုသည်။

YBS ယာဉ်လုပ်သားများ စည်းကမ်းဖောက်ပါက ထိရောက်အောင် အရေးယူမည်ဖြစ်ပြီး စီမံချက်တစ်ခု သတ်မှတ်ကာ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“စီမံချက်က တောက်လျှောက်သွားမယ်။ ကာလမသတ်မှတ်ဘူး။ စီမံချက် စတင်ဖို့ ဆွေးနွေးနေတယ်” ဟု ၎င်းက ဆိုသည်။

YBS ယာဉ်လိုင်းများသည် ဇန်နဝါရီလ ၁၆ ရက်မှ ၁၉ ရက်အထိ ယာဉ်စီးခ ပိုတောင်းခြင်း၊ ခရီးသည်ကို လက်သီးဖြင့် ထိုးခြင်း၊ ယာဉ်မတော်တဆမှု ဖြစ်ခြင်း၊ ဂိတ်စ/ဂိတ်ဆုံး မမောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်း စသည့် ပြစ်မှုများ ကျူးလွန်ခဲ့သည်။

YBS စနစ်သစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ယာဉ်လမ်းကြောင်းပေါ်တွင် များပြားစွာ မောင်းနှင်နေသည့် အငှားတက္ကစီယာဉ်များကို လျှော့ချပြီးမှ ခရီးသည်တင်ယာဉ်များကို ကိုင်တွယ်သင့်ကြောင်း ဝါရင့်ယာဉ်မောင်းများက သုံးသပ်ပြောဆိုသည်။

အငှားတက္ကစီ ယာဉ်များကို လျှော့ချရန် လက်ရှိ ရန်ကုန်တွင် မောင်းနှင်နေသည့် ယာဉ်စီးရေစာရင်းကို ဦးစွာကောက်ခံမည် ဖြစ်ပြီး တိုင်းဝန်ကြီးချုပ် အနေနှင့် အငှားတက္ကစီယာဉ်များကို အိမ်စီးကား နံပါတ်အနက်အဖြစ် ပြောင်းလဲခြင်းဖြင့် လျှော့ချမည် ဆိုသည်မှာ ၎င်း၏ မျှော်မှန်းဆန္ဒများ ဖြစ်ကြောင်း၊ YBS ယာဉ်ပြေးဆွဲခြင်းကိစ္စ အဆင်ပြေအောင် ဆောင်ရွက်ပြီးမှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ၏ စည်းကမ်းချက် ၁၃၈ ချက်တွင် ယာဉ်စီးခ ပိုမိုကောက်ခံခြင်း၊ မချေမငံ ဆက်ဆံခြင်း၊ ဂိတ်စဂိတ်ဆုံး မမောင်းခြင်း၊ ယာဉ်လုပ်သား အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းတို့ ပါဝင်ပြီး အဆိုပါ စည်းကမ်းဖောက်မှုများကို ဒဏ်ငွေကျပ် သုံးသောင်းမှ ကျပ်သိန်း ၅၀ ထက် မပိုသော ဒဏ်ငွေနှင့် တစ်လမှ ခြောက်လထက် မပိုသော ထောင်ဒဏ်တို့ ချမှတ်နိုင်သည်။

J-06



FOLLOW US