News

18-Jan-2017

YBS
YBS ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ လုပ်အားခ မရသေး
ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်နေသည့် YBS တံဆိပ်တပ် ခရီးသည်တင် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စတင် ပြေးဆွဲသည့်ရက်မှ ယနေ့အထိ နှစ်ရက်စာ လုပ်အားခ မပေးရသေးကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်စာ ပေါင်းပေးရန် သက်ဆိုင်ရာ ယာဉ်လိုင်း ကုမ္ပဏီတို့နှင့် ယနေ့တွင် ညှိနှိုင်း ပြင်ဆင်နေပြီဟုလည်း ၎င်းက ဇန်နဝါရီလ ၁၇ ရက်၊ ညနေ ၅ နာရီတွင် ဆက်လက် ပြောဆိုသည်။

အစုအဖွဲ့ပိုင် ယာဉ်လိုင်းများကို ဇန်နဝါရီလ ၁၆ ရက်က စတင် ပြေးဆွဲခဲ့သော်လည်း ဆူးလေနှင့် မြောက်ဒဂုံ ယာဉ်လမ်းကြောင်းတွင် တစ်ကြိမ် ပြေးဆွဲပါက ယာဉ်မောင်းကို ငါးထောင်ကျပ်နှုန်းနှင့် ယာဉ်လုပ်သားတို့ကို နှစ်ထောင့်ငါးရာ ကျပ်နှုန်းဖြင့် နေ့စဉ်ကြေး ပေးရန် သဘောတူထားပြီး လမ်းပိတ်ဆို့မှု မရှိပါက တစ်ရက်လျှင် လေးကြိမ်ခန့် ပြေးဆွဲရန် ပြင်ဆင်နေကြောင်း ဆူးလေနှင့် မြောက်ဒဂုံ အမှတ် ၁၂ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုမျိုးထွဋ်က ပြောကြားသည်။

“ငွေကို နေ့စဉ် ရှင်းပေးမယ် ပြောထားပေမယ့် မနေ့က လုပ်အားခတောင် မရသေးဘူး။ အစုအဖွဲ့ပိုင်ဆိုတော့ ယာဉ်ပိုင်ရှင်တွေ ညှိနှိုင်းနေတယ် ပြောတာပဲ။ အခု လစာပုံစံနဲ့ ပေးမယ်လည်း ယာဉ်လိုင်းမှာ ပြောနေကြတယ်။ ဒရိုင်ဘာကို ၄ သိန်းနဲ့ စပယ်ယာ ၂ သိန်းပေးမယ် ကြားရတယ်။ ကျွန်တော်တို့က ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့အောက်ကပါ”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အချို့ အများပိုင် ယာဉ်လိုင်းများတွင် ယာဉ်ပိုင်နှင့် ယာဉ်လုပ်သားတို့ကို နေ့စဉ် ပြေးဆွဲမှုမှ ရရှိသော ငွေကြေး အကျိုးအမြတ်အပေါ် မူတည်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဆယ့်ငါးရာနှုန်းခန့်စီ ခွဲဝေပေးရန် ညှိနှိုင်းထားကြောင်း ဆူးလေနှင့်ခြောက်ကွေ့သို့ ပြေးဆွဲနေသည့် အမှတ် ၆၄ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုအောင်ဇော်မင်းက ပြောကြားသည်။

“သဘောတူတာပဲ ရှိတယ်။ ယာဉ်လုပ်သား အားလုံး မနေ့က တစ်ယောက်မှ ပိုက်ဆံ မရကြဘူး။ နှစ်ရက် တစ်ခါရှင်း ပုံစံမျိုးဖြစ်မှာ စိုးရိမ်တယ်။ ကိုယ့်နောက်မှာ မိသားစုက ဘာနဲ့ သွားစားရမလဲ။ မနေ့က စဆွဲတဲ့နေ့ဆို ခရီးသည်တွေ ဟိုဟိုဒီဒီ စီးတာနဲ့ တစ်သိန်းလေးသောင်းလောက် ရတယ်။ အခုလို ဆက်သွားမယ်ဆို တစ်နေ့ လုပ် တစ်နေ့ စားရတဲ့လူတွေ အဆင်မပြေဘူးဗျ”ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး ယာဉ်လိုင်း အများစုတွင် ယာဉ်လိုင်းပိုင်ရှင်တို့မှ နေ့စဉ် ပေးရမည့် လုပ်အားခကို သုံးရက်တစ်ခါ ရှင်းပေးရန် စီစဉ်နေသည်ကို ကြားရသဖြင့် စိုးရိမ်နေရကြောင်း ဒဂုံတက္ကသိုလ်နှင့် ဆူးလေသို့ ပြေးဆွဲနေသော အမှတ် ၂၉ ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ ကိုမဲက ပြောကြားသည်။

“အသံတွေ မျိုးစုံကြားနေရတာပဲ၊ ဖိဖိနှိမ်နှိမ်နဲ့ပေးမယ့် ငွေလောက်ရရင်တော့ တခြား အလုပ် ပြောင်းမယ်။ ကိုယ်တွေ ကားမောင်းရတာ သတိ ဝီရိယနဲ့ မောင်းနေတာပါ။ ကျွန်တော့် ယာဉ်လိုင်းလည်း လုပ်အားခ ပေးမယ့်ပုံစံ အတိအကျ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

J-17

  • VIA


FOLLOW US