News

13-Jul-2018

ရန်ကုန် YBS
YBS ယာဉ်မောင်း ၅၅ ဦးကို ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်
ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီအောက်ရှိ ယာဉ်လိုင်းပေါင်း ၂၀ မှ ယာဉ်မောင်း ၅၅ ဦးကို ရာသက်ပန်ထုတ်ပယ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ ယာဉ်စစ်ဆေးရေးမှူး ဦးကျော်တင့်က ပြောကြားသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အဆိုပါယာဉ်လိုင်း ၂၀ က ယာဉ်မတော်တဆမှု ၃၅၈ ကြိမ်ဖြစ်ပြီး သုံးဦးသေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိကြောင်း၊ ထို့ကြောင့် ခြောက်လအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လုပ်သား ၅၅ ဦး ကို ရာသက်ပန်ထုတ်ပယ်ကြောင်း YUPT ကုမ္ပဏီထံမှသိရသည်။

“ယာဉ်တိုက်မှုက အသေးစားလည်းပါသလို လူသေတဲ့အထိလည်း ဖြစ်ခဲ့တယ်။ မဆင်မခြင်မောင်းတဲ့ ယာဉ်မောင်းတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးထားပါတယ်”ဟု ဦးကျော်တင့်က ဆိုသည်။

စည်းကမ်းဖောက်ဖျက်မှုများအနက် ယာဉ်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ ယာဉ်တွင် တပ်ဆင်ထားသည့် CCTV ကို မမြင်အောင်ကွယ်၍ ယာဉ်စီးခကောက်ခံခြင်း၊ ခရီးသည်ကို ရိုင်းပျစွာဆဲဆိုခြင်းနှင့် ပြင်းထန်သည့် ယာဉ်မတော်တဆမှုဖြစ်ခြင်း စသည့်ပြစ်မှုများကျူးလွန်ပါက ရာသက်ပန်ထုတ်ပယ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

YBS ယာဉ်လိုင်းစနစ်သစ် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း YUPT လက်အောက်၌ တာဝန်ယူပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၂၀ မှ ယာဉ်လုပ်သား ၁၁၉ ဦးကိုလည်း ရာသက်ပန်ထုတ်ပယ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT လက်အောက်တွင် YBS ယာဉ်လိုင်းပေါင်း ၂၀ တာဝန်ယူပြေးဆွဲနေပြီး ယာဉ်တစ်လိုင်းတွင် ယာဉ်စီးရေ ၄၀ မှ ၁၀၀ စီးကျော်အထိရှိကာ ယာဉ်စီးရေပေါင်း ၁၂၇၀ စီးကျော်ဖြင့် ခရီးသည်ပို့ဆောင်လျက်ရှိသည်။

J-06



FOLLOW US