News

25-Jun-2018

YBS
Airport Shuttle Bus
“မှတ်တိုင်တိုင်းတော့ ရပ်မှာမဟုတ်ပါဘူး” ဦးထွန်းတောက်ဝင်း (Omni Focus၊ မန်နေဂျင်းဒါရိုက်တာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရန်ကုန်ဘူတာကြီး၊ ဆူးလေရှန်ဂရီလာမှတ်တိုင်တွေကို YBS Airport Shuttle Bus တွေ ဇွန်လ ၂၂ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။ ဒီခရီးစဉ်အတွက် ယာဉ်စီးခနှုန်းထား တစ်ယောက်ကို ၅၀၀ သတ်မှတ်ထားပြီး နေ့စဉ် ယာဉ်အစီးရေ ၅၀ နဲ့ ပြေးဆွဲပေးသွားမှာပဲဖြစ်ပါတယ်။ ဆူးလေ ကနေဘူတာကြီး၊ လေဆိပ်တိုက်ရိုက်ပြေးဆွဲတာဖြစ်တဲ့အတွက် မှတ်တိုင်တိုင်းတော့ ရပ်မှာမဟုတ်ပါဘူး။ ပြေးဆွဲတာ သုံးရက်မြောက်နေ့မှာ မှတ်တိုင်တွေ ထပ်တိုးထားပါတယ်။ ထပ်တိုးထားတဲ့ မှတ်တိုင်တွေကတော့ ကိုးမိုင် Ocean၊ ယောက်လမ်း ဖဆပလ၊ ဟာမစ်တစ်၊ ပုလဲကွန်ဒို စတဲ့မှတ်တိုင်တွေ ထပ်တိုးထားတဲ့အကြောင်းကို ဒီနေ့မှာ မော်ဒယ်လ်အေးချမ်းမိုးနဲ့ Junction City၊ သခင်မြပန်းခြံ၊ မြန်မာပလာဇာ၊ လေဆိပ် Domestic Terminal 1 နဲ့ Terminal 3 မှာ လက်ကမ်းစာစောင်တွေ လိုက်ဝေသွားဖို့ရှိပါတယ်။ ယာဉ်အစီးရေ ၅၀ နဲ့ ပြေးဆွဲသွားမယ်ဆိုပေမယ့် လက်ရှိမှာ ယာဉ်အစီးရေ ၃၅ စီးနဲ့ ပြေးဆွဲနေပြီး ဇွန်လ ၂၅ ရက်နေ့ကနေစပြီး ယာဉ်အစီးရေ ၅၀ နဲ့ပြေးဆွဲသွားမှာပါ။ ကြားထဲမှာ စနေ၊ တနင်္ဂနွေခံသွားတဲ့အတွက် ခရီးသည်နည်းနေတယ်ဆိုပေမယ့် ကျွန်တော်တို့ဘက်ကတော့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကြိုးစားသွားမှာပါ။



“လေဆိပ်ကနေ ဆူးလေအထိက အစကတည်းက လုပ်ပေးသင့်ပါတယ်”

ကိုကောင်းဇော်ဖြိုး (ခရီးသည်)

ကျွန်တော်က ဒီ လေဆိပ် - ဆူးလေ Airport Shuttle ကို အလုပ်အတွက်စီးဖြစ်တာပါ။ နောက်ပြီး ဂိတ်အစနားမှာတင် ကျွန်တော့်အိမ်က ရှိတာဆိုတော့ စီးရတာ အဆင်ပြေတယ်။ ဒီလေဆိပ် YBS မရှိခင်တုန်းကတော့ ကျွန်တော်မြို့ထဲသွားမယ်ဆို ၂၈ နဲ့ ၃၆ စီးရတယ်။ တစ်ဆင့်တည်းနဲ့ရောက်တယ်ဆိုပေမယ့် အိမ်ကနေ မှတ်တိုင်ရောက်ဖို့က ကယ်ရီခ ၅၀၀ စီးပြီးမှ ရောက်တာဆိုတော့ မြို့ထဲတစ်ခါသွားရင် အသွားအပြန်ဆို ၁၄၀၀ လောက်ကုန်ရာကနေ အခု အသွားအပြန်ကို ၁၀၀၀ ပဲကျတော့တယ်။ အရင်တော့ ဘတ်စ်ကားစီးရတာ နည်းနည်းတော့ အဆင်မပြေဖြစ်တာပေါ့။ ဒီကောင်ကကျတော့ အပြန်ရော အသွားရော ကျွန်တော့်အတွက် အဆင်ပြေတယ်။ ပြီးတော့ သူက ခရီးဆောင်အိတ်တွေလည်း ပေးတင်တယ်ဆိုတော့ ၅၀၀ ပေးရလည်း စီးတဲ့သူအတွက်က အဆင်ပြေပါတယ်။ လေဆိပ်ကနေ ဆူးလေအထိက အစကတည်းက လုပ်ပေးသင့်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း လေဆိပ်ကနေမြို့ထဲအထိ ဘတ်စ်ကားတွေ ရှိနေတာဆိုတော့ ဒီမှာလည်း အရင်ကတည်းက ထားသင့်တာပေါ့။ လေဆိပ်မှာကျတော့ တက္ကစီငှားမယ်ဆိုလည်း ဈေးက အရမ်းမြင့်တာဆိုတော့ ခုလိုပြေးဆွဲပေးတာ ခရီးသည်တွေအတွက်ရော ကျွန်တော်တို့အတွက်ပါ အဆင်ပြေပါတယ်။



“YBS က သူ့လမ်းကြောင်းအတိုင်းသွားတာဆိုတော့ ကိုယ်တည်းတဲ့နေရာဆီကို အထုပ်တွေနဲ့ တက္ကစီနောက်တစ်ဆင့်ပြန်စီးဖို့က အဆင်မပြေဘူးလေ”

မဆုမြတ် (ခရီးသည်)

မန္တလေးကနေ ရန်ကုန်ကို အလုပ်ကိစ္စနဲ့လာတိုင်း Grab ခေါ်စီးတာများတယ်။ နောက်ပြီး အခုမှ လေဆိပ်ကနေ  YBS ပြေးဆွဲပေးတာဆိုတော့ တစ်ခါမှတော့မစီးဖြစ်သေးဘူး။ ဒါပေမဲ့ YBS တွေက အရင်ကထက်တော့ ပိုကောင်းလာတာတွေ့ရတယ်။ အရင်တစ်ခေါက်က ဆူးလေကနေ မြန်မာပလာဇာကို YBS စီးလာတာ ပိုက်ဆံ ၂၀၀ နဲ့ရောက်တော့ အဆင်ပြေတယ်လို့မြင်တယ်။ လေဆိပ်ကနေ YBS မစီးချင်တာကျ YBS က သူ့လမ်းကြောင်းအတိုင်း သွားတာဆိုတော့ ကိုယ်တည်းတဲ့နေရာဆီကို အထုပ်တွေနဲ့ တက္ကစီနောက်တစ်ဆင့် ပြန်စီးဖို့က အဆင်မပြေဘူးလေ။ နောက် မန္တလေးသူဖြစ်တဲ့အတွက် ဘယ်နေရာတွေ ရပ်ပေးတယ်ဆိုတာ သေချာမသိဘူး။ နောက်ပြီး ဒီကိုလာရင်လည်း ကြားရတဲ့သတင်းတွေကြောင့် တက္ကစီတွေ အရမ်းမငှားရဲဘူး။ ဒါကြောင့် အလုပ်နဲ့လာတိုင်း Grab တော့ အမြဲစီးဖြစ်တယ်။



FOLLOW US