News

20-May-2018

ရန်ကုန် YBS
YBS ၉၅ ယာဉ်လိုင်းသစ် ယခုလအတွင်း တိုးချဲ့ပြေးဆွဲမည်
ရန်ကုန်၊ မေ ၁၉

ရန်ကုန်မြို့အတွင်း လက်ရှိ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းပေါင်း ၉၄ လိုင်းရှိပြီး မေလအတွင်း ကျောက်တန်း-တာမွေပြေးမည့် နောက်ထပ် YBS ၉၅ ယာဉ်လိုင်းသစ်ကို အဲကွန်းဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီလထဲမှာပဲ ပြေးမှာပါ။ အခု YBS ၉၅ စတစ်ကာတွေ တပ်ဆင်ဖို့ ဆောင်ရွက်နေပါတယ်။ အခုပြေးမယ့်ယာဉ်က စီးတီးဘတ်စ်ယာဉ်ကြီးတွေပါ”ဟု ၎င်းက ဆိုသည်။

YBS ၉၅ ယာဉ်လိုင်းကို ဟွန်ဒိုင်း အဲယားကွန်း စီးတီးဘတ်စ်ယာဉ်အမျိုးအစား ၃၀ စီးဖြင့် စတင်ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခ ကျပ် ၂၀၀ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ခရီးစဉ်လမ်းကြောင်းများအနေနှင့် ကျောက်တန်း၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်တံတား၊ သာကေတ၊ သုဝဏ္ဏတံတား၊ သံသုမာလမ်း၊ သမိန်ဗရမ်းလမ်း၊ တာမွေဗလီ၊ ကျိုက္ကဆံလမ်း၊ အလုပ်သမားဆေးရုံမှာ အသွားလမ်းဖြစ်ပြီး အလုပ်သမားဆေးရုံ၊ စက်ရုံလမ်း၊ မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ဗညားဒလလမ်း၊ ကျိုက္ကဆံလမ်း၊ သာကေတအဝိုင်း၊ သန်လျင်၊ ကျောက်တန်း (အပြန်) ခရီးစဉ်ဖြစ်သည်။

“ယာဉ်တွေကို CCTV တပ်ဆင်မှာ ဖြစ်တယ်။ ယာဉ်စီးရေကိုလည်း စီးရေ ၅၀ အထိ တိုးချဲ့သွားမှာပါ”ဟု ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီလက်အောက်တွင် YBS ၃၃၊ ၃၂၊ ၃၄၊ ၇၀၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁ ယာဉ်လိုင်းများ ပြေးဆွဲပြီး ယာဉ်စီးရေ တစ်ထောင်ကျော်ဖြင့် နေ့စဉ်ခရီးသည် သယ်ယူပို့ဆောင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

လက်ရှိ ရန်ကုန်မြို့အတွင်း ယာဉ်လိုင်းပေါင်း ၉၄ လိုင်းရှိပြီး ယာဉ်စီးရေ ၄၅၀၀ စီးခန့်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှ သိရသည်။ 

J-06



FOLLOW US