News

19-May-2018

YBS အစိုးရ
ကျော်စိုးကိုသာ ဆဲကြပါ
အိယောင်ဝါးအစိုးရ၊ အိုးနင်းခွက်နင်း အစိုးရ၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတဲ့ အစိုးရ၊ လှေနံနှစ်ဖက်နင်းတဲ့အစိုးရ။ ရုပ်သေးအစိုးရ။ ဘာမူဝါဒမှ မရှိတဲ့ အစိုးရ။ မီးတောင် မှန်အောင်မပေး နိုင်တဲ့ အစိုးရ။ အလုပ်သမားတွေကို အင်အားသုံးဖမ်းတဲ့ အစိုးရ။ ဘာမှမပြောင်းလဲနိုင်တဲ့ အစိုးရ။ စာဖတ်နေသူကြီးအီးကို ရှူနေတဲ့အစိုးရ”

ထိုအသံတွေကြားတော့ ကျွန်တော် လန့်နိုးသွားသည်။ တစ်ဆက်တည်း စိတ်လည်း ပူသွားမိသည်။ ဒီမိုတွေသာသိရင် ဒီလူတော့ တော်တော် အဆဲခံရမှာပဲ။ တံတွေးခွက်မှာ ပက်လက် မျောတော့မှာ။ အသရေဖျက်မှုနဲ့ ထောင်ထဲလည်း ရောက်သွားနိုင်သည်။ ပြီးတော့ ကျွန်တော်လည်း မချောင်လှ။ အခု အသံကြားနေရတာက ကျွန်တော့်အိမ်ရှေ့မှာ။ 

ဘယ်သူကများ အော်ကြီးဟစ်ကျယ် ပြောနေပါလိမ့်ဟု အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ ...။ 

ဟင် ... ကျွန်တော့် သူငယ်ချင်းကြီး ကျော်စိုးပါတကား ...။

“ရေမလာ အစိုးရ၊ ခွေးသတ် အစိုးရ၊ ကားသွင်းခွင့်မပေးတဲ့ အစိုးရ”ဆိုပြီး ဆက်ပြောနေသေးသည်။ 

“ဟာ ... ဟေ့ကောင် ဘာတွေ အော်နေတာလဲ။ မင်းတော့ အဖမ်းခံရတော့မှာပဲ။ လာအိမ်ထဲကို”ဟု ကျွန်တော်က လှမ်းခေါ်လိုက်သည်။ 

“မင်းကရော ဘာလို့ စောစော မထရတာတုံး ငါအော်ခေါ်တာ မကြားဘူးလား။ ဘောမ လက်သစ်ကောင်”ဟု ကျော်စိုးက ကြိမ်းနေသေးသည်။

“ဟာကွာ ...။ လာမှာသာ လာစမ်းပါ။ လမ်းထဲမှာ ဒီမိုတွေ ရှိတယ်ဟ။ မင်းကို ဝိုင်းလုပ်နေဦးမယ်”

အဲ့တော့မှ ကျော်စိုးလည်း “ဟေ ... ဒီမိုတွေရှိတယ် ဟုတ်လား”ဟုဆိုပြီး အသံတိုးတိုးဖြင့် အိမ်ပေါ်ကို တက်လာသည်။ 

ဒီကောင်လည်း အခြားဟာ မကြောက်ပေမယ့် ဒီမိုတော့ ကြောက်ပုံရသည်။ လက်ထဲမှာလည်း အထုပ်တစ်ထုပ်ကိုင်လို့။

“မနက်စောစောစီးစီး ဘာလာလုပ်တာတုံး”ဟု ကျွန်တော်က မေးလိုက်သည်။

“မင်းကရော ဘာလို့ စောစော မထရတာတုံး”ဟု ကျော်စိုးက ပြန်မေး၏။

“ညက ရေလာအောင် စောင့်ပြီး ရေတင်နေရလို့ပါကွာ။ ဒါနဲ့ မင်းလက်ထဲက ဘာအထုပ်လဲ” 

“အဝတ်အစားထုပ်”ဟု ဒုံးတိတိဖြေ၏။

“ဘာလုပ်ဖို့တုံး” 

“မင်း အိမ်မှာ ရေလာချိုးတာ။ ရေရှိတယ် မဟုတ်လား” 

“ရေတော့ ရှိတယ်။ ဒါပေမဲ့ ဒီရေက ငါတို့ အိမ်သားတွေအတွက် သုံးဖို့ ကွက်တိပဲကွ။ မင်း ချိုးလို့မရဘူး”ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။ 

အဲ့တော့ ဒီကောင့် မျက်နှာလေး ဆီးရွက်လောက်သာ ရှိတော့သည်။ 

“ဘာ ...။ ငါ့မှာ ရေချိုးဖို့ စမ်းချောင်းကနေတောင် ဗဟန်းအထိ လာရတာ။ ရေလေးတော့ ပေးချိုးကွာ။ ငါ ရေမချိုးရတာ နှစ်ရက်ရှိပြီ။ အလုပ်က လူတွေလည်း ငါ့နား မကပ်တော့ဘူး” 

“ဟင် မင်းက ဘာအလုပ် လုပ်နေလို့တုံး။ ငါတောင် မသိပါလား” 

ဒီကောင်က အမြဲတမ်း အလုပ်မလုပ်ဘဲ နေတတ်သူ။

“ကုမ္ပဏီတစ်ခုမှာပါကွာ။ အခု မင်းအိမ်မှာ ရေချိုးပြီးရင် အလုပ်ကိုတန်းသွားရမှာ” 

“အေး ချိုးချင်တော့ ချိုး။ ဒါပေမဲ့ ငါတို့အိမ်က စနစ်အတိုင်းချိုး။ ရေနှစ်ခွက်လောင်း။ ဆပ်ပြာတိုက်။ နောက်သုံးခွက်လောင်း။ ပြီးပြီ” 

“တစ်ခွက်လောက်တော့ ပိုချိုးလို့ မရဘူးလားကွာ။ မင့်ဟာက ငါးခွက်တည်း။ ကြေးတွေ ဘယ်ပြောင်မတုံး” 

“မရဘူး။ မရဘူး ဟေ့ရောင်။ ငါစောင့်ကြည့်နေမှာ။ ဒါနဲ့ မင်းတို့စမ်းချောင်းက အဝီစိရေတွင်း မဟုတ်လား။ ဘာကိစ္စ ရေပြတ်ရတာတုံး” 

“မီးအားမပြည့်ဘဲ သွားမောင်းလိုက်လို့ စက်ကြီး ကြွသွားတာဟေ့။ ပြင်ဖို့တော့ ဘယ်သူမှ အသံမထွက်သေးဘူး။ ရှိတဲ့ရေတွေ မှေးသုံးနေတယ်။ ရေတွေကုန်ရင်တော့ စုပြီး ပြင်ကြမယ်ထင်တယ်။ အခုတော့ ရေချိုးတော့မယ်”ဟုဆိုကာ အိမ်အောက်သို့ ဆင်းသွားသည်။

ကျွန်တော်တို့အိမ်သည် တိုက်ခန်းမဟုတ်။ ပျဉ်ထောင်အိမ် လေးခန်းတွဲဖြစ်သည်။ ရေချိုးလျှင် အောက်ဆင်းပြီး ချိုးရသည်။ အိမ်ရှေ့မှာပဲပေါ့။ ကျွန်တော့်မှာ တိုင်ကီတစ်လုံး ရှိသည်။ အခြားအိမ်တွေကလည်း သူတို့တိုင်ကီနှင့်။ ရေကို အရမ်းမသုံးရဲ။ ချွေတာသုံးနေရသည်။ ပြီးတော့ ကိုယ့်တိုင်ကီထဲက ရေကို ခိုးမခပ်အောင်လည်း စောင့်ကြည့်နေရသေးသည်။

ကျော်စိုးကတော့ အောက်ဆင်းသွားပြီး ကျွန်တော့် ရေလဲ လုံချည်လေးဖြင့် တဗွမ်းဗွမ်း ချိုးနေသည်။

“ဟေ့ရောင်။ ဘယ်လို ချိုးနေတာလဲ။ မင်းကိုယ်မင်း အင်းလေးကန်ထဲ ရောက်နေတယ် မှတ်နေသလား။ တော်တော့”ဟု လှမ်းဟန့်ရသည်။

“ဒီတစ်ခွက်တည်းပါကွာ”ဟုဆိုပြီး နောက်သုံးခွက် ချိုးလိုက်သေးသည်။ ဒီကောင်ချိုးတာနှင့် ရေက သုံးပုံတစ်ပုံလောက် လျော့သွားသည်။ အိမ်ကလူတွေတောင် ရေကို ကိုယ်တာနဲ့ သုံးနေရတာ။ ဒီကောင်က တစ်မှောင့်။

ကျော်စိုးလည်း လုံချည်လဲကာ အိမ်ပေါ်တက်လာပြီး 

“ကျေးဇူးပဲ သားဂျီးရာ။ ညနေကျရင် မင်းကို တာမွေမှာ တိုက်မယ်”ဟု ဆိုပြန်တော့လည်း ဒီကောင့်ကို သနားမိပြန်သည်။

ရေမချိုးရတာ နှစ်ရက်တောင် ရှိပြီဆိုတော့လည်း ချိုးချင်မပေါ့လေ။ ညနေတိုက်မယ် ဆိုတော့လည်း မငြင်းသာဘူးပေါ့။

“အေး ဘယ်အချိန်တုံး”ဟု ပြန်မေးရသည်။

“၆ နာရီလောက်ပေါ့ကွာ”

“အပျော့လား၊ အပြင်းလား”

“အပျော့ပေါ့ကွ။ ဒီရာသီကြီး အပြင်းသောက်ရင် ဂန့်သွားမှာပေါ့။ ဒီတစ်ခါတော့ မင်းကို ဝိုင်တိုက်မယ်”ဟုဆိုကာ အဝတ်အစားလဲပြီးသဖြင့် အိမ်ပေါ်က ဆင်းသွားသည်။ ပြီးတော့ အော်သွားသေးသည်။ 

“ဟေ့ရောင် ဘောမလက်သစ်။ ညနေကျရင် မမေ့နဲ့နော်”

အင်း ဝိုင်ဆိုတော့လည်း သောက်ရသေးတာပေါ့။ ဝိုင်ကောင်းကောင်း မသောက်ရတာတောင် ကြာပြီ။ ဟိုတစ်လ ဒီကောင် ရှမ်းပြည်ဘက်သွားထားတော့ ဝိုင်တွေ ပါလာသလားမသိ။ အဲ့တုန်းက ပြန်ရောက်လိုက်တာတောင် မသိရ။ အခုမှ လက်ကျန်ဝိုင်လေးတွေ သောက်ရတော့မည်။

ညနေရောက်အောင် စောင့်ရတာ နေ့တာရှည်လွန်းသည်ဟု ထင်မိသည်။ ရာသီဥတုကပူတော့ ပိုဆိုး။ ကိုကာကိုလာလေး သောက်လိုက်၊ ရေဖတ်လေး တိုက်လိုက်နှင့် ပူအိုက်သော တစ်နေ့တာကို ဖြတ်သန်းရသည်။ စာလည်း မရေးနိုင်။ ဘာမှလဲ မတွေးနိုင်။ အတွေးထဲတွင် ဝိုင်သာ ရောက်နေသည်။

ညနေရောက်တော့ ရေချိုးရသည်။ နှစ်ခွက် လောင်း၊ ဆပ်ပြာတိုက်၊ သုံးခွက်ထပ်ချိုး။ အိမ်က လူသုံးယောက်ကလည်း ချိုးသမို့ ရေက ဖင်ကပ်လောက်ပဲ ကျန်တော့သည်။ ဒီညသာ မီးပြတ်ပြီး ရေမလာလျှင် သေပြီ။ ကျိုက္ကဆံကွင်းထဲသွားပြီး မြက်ခင်းလောင်းသည့်ရေတွေ သွားချိုးရတော့မည်။

တာမွေကို ရောက်တော့ ၆ နာရီထိုးပြီ။ ကျော်စိုးကိုမတွေ့။ ဘယ်ဆိုင်ထိုင်ရမှန်းလဲ မသိ။ ပုံမှန် သောက်နေတာက တံတားကြီးအောက်ကဆိုင်။ အဲ့ဆိုင်က အရက်ကြမ်းပဲ ရသည်။ ဘီအီးတို့၊ ပြည်တွင်းဖြစ် ဝီစကီတို့ပေါ့။

ဒါပေမဲ့ ဒီကောင်က ဝိုင်တိုက်မှာဆိုတော့ ဒီဆိုင်ထိုင်ပါ့မလား။ ဟိုဘက်လမ်းက ဘီယာဆိုင် ထိုင်မလား။ ဒီဘက်လမ်းက ဘီယာဆိုင် ထိုင်မလား။ မသေချာ။ ဒါကြောင့် ကျော်စိုးကို ဖုန်းလှမ်းဆက်ရသည်။ သုံးခေါက်လောက်ခေါ်မှ ဖုန်းကိုင်သည်။

“ဟေ့ရောင် မလာသေးဘူးလား။ ငါရောက်နေပြီ ဘယ်ဆိုင်မှာ စောင့်ရမှာလဲ”

“လာနေပြီဟ လမ်းမှာ ကားတွေ ပိတ်နေလို့ ကြာနေတာ။ ဒီေ_ာက်အစိုးရကလည်း ဒီလောက် လမ်းတွေ ပိတ်နေတာကို။ ဟေ့ရောင် ထိုင်နေကျဆိုင်ကပဲ စောင့်” 

ဒီကောင် အခု ဘယ်လိုဖြစ်နေလဲ။ မသိ။ အားနေ အစိုးရကိုပဲ ဆဲနေပါလား။ အရင် တစ်လလောက် ဒီလိုမဟုတ်။ ရဲရဲတောက် အနီ။ တံတားအောက်က ဆိုင်မှာပဲ ထိုင်စောင့်နေလိုက်သည်။

နောက်နာရီဝက်လောက် ကြာသည်အထိ ကျော်စိုး ရောက်မလာသေး။ ၇ နာရီတောင် ထိုးတော့မည်။ 

မကြာမီ။ 

“အပြောကတော့ ရွှေမန်း၊ ကတော့ ဘရိတ်ဒန့်။ ဘာမှေ_ာက်ဖြစ်ရှိအောင် မလုပ်နိုင်တဲ့အစိုးရ”ဆိုတဲ့ အသံကြားလို့ လှည့်ကြည့်တော့ ကျော်စိုး။ ကျွန်တော့်လိုပင် ဆိုင်ထဲက လူတွေ အကုန်လုံးလည်း ကျော်စိုးကို ဝိုင်းကြည့်ကြသည်။ အချို့ကတော့ ရန်လိုသော အကြည့်။ အချို့ လက်မလေးတွေထောင်ပြသည်။ ထောက်ခံသည့် သဘော။

“ဟေ့ရောင်။ မင်း ဘာဖြစ်လို့ အားတိုင်းအစိုးရကို ဆဲနေရတာတုံး။ မင်းတို့ ငါတို့ မဲပေးပြီး တင်ထား တဲ့ အစိုးရလေကွာ။ နည်းနည်းလောက် သည်းခံကြည့် ပါဦး။ ပြီးတော့ လူကြားထဲ သိပ်မပြောနဲ့ကွ။ ဒီမိုတွေ ပါလာလို့ မင်းကို ဝိုင်းတီးနေဦးမယ်” 

“တီးတီးကွာ။ စိတ်မထိန်းနိုင်တော့ဘူး။ အရေး ကြီးတာတွေ ဘာမှမလုပ်ဘဲေ_ာက်ရေးမပါတာတွေဘဲ လျှောက်လုပ်နေတယ်” 

“အစဆိုတော့ ဒီလိုပဲပေါ့ကွာ။ ကြာလာရင်တော့ တဖြည်းဖြည်း အဆင်ပြေလာမှာပေါ့” 

“အစဖြစ်ဖြစ်၊ နောက်ဖြစ်ဖြစ်ကွာ။ အရေးကြီးတာတော့ အရင်မလုပ်ဘူး။ ကားပိတ်တွေ ရှင်းပါလား။ လမ်းဘေးဈေးသည်တွေ လူပါးဝနေတာ ရှင်းပါလား။ လမ်းတစ်ဝက်လောက်ကို ကျူးကျော်ထားတဲ့ဟာတွေ၊ မိုးရွာတော့မယ် မြောင်းတွေ ပိတ်နေတာ ရှင်းပါလား အဲ့ဒါတွေတော့ မလုပ်ဘဲ ဟိုအခမ်းအနား တက်ရတာနဲ့။ ဒီအခမ်းအနား တက်ရတာနဲ့။ ဟိုလူ့ ပြေးကြိုလိုက်ရတာနဲ့။ ဒီလူ့ပြေးကြိုရတာ။ အခုထိေ_ာက်လုပ် ကောင်းကောင်း လုပ်တယ်ဆိုတာကို မတွေ့သေးဘူး”

ဒီကောင်ကတော့ ခက်ပြီ။ အော်ကျယ်အော်ကျယ်နဲ့ဆိုတော့ ဘေးဝိုင်းက လူတွေကပါ ကျွန်တော်တို့ကို လှည့်ကြည့်ကုန်သည်။ ရှက်စရာကြီး။ အရင်ခေတ်က လိုဆိုရင်တော့ ကြောက်စရာကြီးပေါ့။ ဟိုးထောက်လှမ်းရေးခေတ်ကသာဆိုရင် ကျော်စိုးလိုကောင် ထောင်ထဲ ရောက်နေပြီ။ 

အဲ့တုန်းကတော့ ဒီကောင်ဘာမှ မပြောရဲ။ အဲ ... ဘယ်ပြောရဲမတုံး။ အဲ့တုန်းက ကလေးပဲ ရှိသေးတာကိုး။ ပြောလို့ဝမှ ကျော်စိုးလည်း သူ့ကျောပိုးအိတ်ကို ဘေးခုံပေါ်သို့ တင်လိုက်ပြီး

“မင်းကလည်း ဘာမှ မှာမထားဘူးလား။ ဒီ အတိုင်း ထိုင်နေရသလား။ ငါလာရင် ရှင်းမှာပဲ မှာထားပါလား” 

“ဟေ့ ... မင်းပဲ ဝိုင်တိုက်မယ်ဆို။ မင်းဆီက ပါလာမှာကို စောင့်နေတာ”

“မင်းလည်း အစိုးရလိုပဲ တော်တော် တုံးတဲ့ကောင်။ ငါ့ဆီမှာ ဝိုင်ပါပါ့မလား။ ငါ့ဆီမှာ ဝိုင်ရှိရင် ငါ့ဟာငါ သောက်ပစ်မှာပေါ့”

“ဟင် ...။ မင်းပဲ မနက်ကပြောတော့ ဝိုင်တိုက် မယ်ဆို”

“ဟုတ်လား။ မေ့သွားပြီ။ ဒါပေမဲ့ ကိစ္စမရှိပါဘူးကွာ”ဆိုပြီး စားပွဲထိုးကိုခေါ်ကာ

“ညီလေး။ နာနတ်ဝိုင်တစ်လုံး”တဲ့။

အဲ့တော့ ခြောက်ရာသာ ပေးရသည့် နာနတ်ဝိုင်ကို နှစ်ယောက်သောက်။ တစ်လုံးတည်းနှင့် တော်တော် မူးသည်။ အဲ့လို မူးလာတော့မှပဲ ကျော်စိုး တော်တော် ငြိမ်သွားသည်။ အစိုးရကိုလည်း မဆဲတော့။ လေသံတွေလည်း ပျော့ကုန်သည်။ အာလေးလျှာလေးကြီးဖြင့်

“ငါလည်း အစိုးရကို ဘယ်ဆဲချင်ပါ့မလဲကွာ။ ကိုယ့်အစိုးရပဲ။ ဒါပေမဲ့ ဆန်ရင်း နာနာဖွပ်ရမယ် မဟုတ်လား။ ဒါကြောင့် ဆဲပေးနေရတာကွ။ ဒါမှလည်း သူတို့ လမ်းကြောင်း တည့်သွားမှာလေ။ အဲ့ဒါကို မင်းတို့လို လော်ဘီ ဘောမလက်သစ်တွေက လိုက်ဖာနေကြတယ်။ အဲ့လိုဖာတော့ ပိုဆိုးတာပေါ့။ အာဏာရှင် ဖြစ်သွားအောင်၊ ကိုယ်ထင်ရာ ကိုယ်လုပ်တဲ့လူဖြစ်သွားအောင် မြှောက်ပေးနေတာနဲ့ အတူတူပဲ။ အဲ့ဒါကြောင့် ငါဆဲနေတာ။ အခုလို မူးလာတော့လည်း အစိုးရကို သနားမိပြန်ရော။ သူလည်း အရင်လူတွေ လုပ်ချင်ရာ လုပ်သွားတာကို အစကနေ ကောင်းအောင် ပြန်လုပ်နေရတာလေ။ သူတို့လည်း ပင်ပန်းမှာပေါ့။ ရာသီဥတုက ပူက ပူနဲ့”

ဒီကောင်ပဲ အမျိုးမျိုး။ တတ်လည်းတတ်နိုင်သည့် ကောင်။ နာနတ်ဝိုင်တစ်လုံးကုန်တော့ နောက်တစ်ပိုင်း ထပ်မှာသည်။ နောက်တစ်ပိုင်းကုန်တော့ လူလည်း တော်တော်မူး။ ကျော်စိုးက ဆိုင်နောက်ကို ဝင်သွားသည်။ ပြန်ထွက်လာတော့ အဝတ်အစားမှာ ရေတွေ စိုရွှဲနေသည်။

“ဘာဖြစ်တာတုံးဟ။ အိမ်သာတွင်းထဲ ပြုတ်ကျတာလား”

“ဘယ်ကလာကွာ။ အိမ်ပြန်ရင် ရေရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဒီမှာပဲ တစ်ခါတည်း ရေချိုးလိုက်တာ။ မူးနေတော့ အဝတ်တွေ မချွတ်လိုက်မိဘူးကွာ။ မင်း အိမ်မှာ ရေမလာရင် ဒီမှာ လာချိုးပါလား”

ကျော်စိုးအကြံ မဆိုးလှ။ နာနတ်ဝိုင် တစ်ပိုင်းလောက် သောက်ပြီး ရေလာချိုးလျှင် အရက်လည်း သောက်ရ။ ရေလည်း ချိုးရ။ ခဏနေတော့ ကျော်စိုးက ပိုက်ဆံရှင်း။ ပြီးတော့ သူ့ကို ကားဂိတ်လိုက်ပို့။ ရေချိုး လိုက်လို့လား မသိ။ ကျော်စိုး အမူးပြေသွားပုံရသည်။ စကားသံတွေ ကျယ်လာသည်။ အရေမရ အဖတ်မရ တွေလုပ်နေတဲ့။ ဘာအစိုးရ ညာအစိုးရလို့ အော်။ အဲ့အချိန်မှာပဲ YBS ကားရောက်လာသည်။ ကျော်စိုးလည်း ကားပေါ်ကို ပြေးတက်။ ပြေးတက်ရင် ... “ေ_ာက် သုံးမကျတဲ့ အစိုးရ”လို့ အော်သွားသေးသည်။

ကိုယ်တင်ထားတဲ့ အစိုးရကို ဆဲလို့ စိတ်ဆိုးသော်ငြား။

ဪ ... ဆန်ရင်းမို့ နာနာဖွပ်တာနေမှာပါလေလို့ တွေးမိ။ ပြီးတော့မှ ဒီကောင်က ဘာကောင်မို့လို့လဲဟု ဒေါသပြန်ထွက်။

တွေ့မယ် ကျော်စိုးဟု ကြုံးဝါးပြီး သကာလ ကျော်စိုး ဆဲခဲ့သည်ကို ပြန်လည် ဖောက်သယ်ချမိခြင်း ဖြစ်ပါသည်။ ဒါပေမဲ့ မကျေနပ်သေးပါ။ ကျော်စိုးကို ဆဲလိုက်ဦးမည်။

ေ_ာက်သုံးမကျတဲ့ ကျော်စိုး၊ေ_ာက်ပိန်း ကျော်စိုး၊ ခွေးရူးကိုက်သေမယ့်ကောင်။

စာဖတ်သူများအနေနှင့်လည်း မကျေနပ်ပါက ကျော်စိုးကို ဆဲဆိုသွားနိုင်ပါသည်။ အဲ့ဒါမှ ဒီကောင် မှတ်မှာ။

စိုပြေ



FOLLOW US