News

လေးလကျော်အတွင်း ကြားကား ၈၀ ကျော် ဖမ်းဆီးရမိ


ရန်ကုန်၊ မေ ၁၃

ရန်ကုန်တိုင်းအတွင်း ခရီးသည်တင်ယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင်ပြေးဆွဲနေသော ကြားကား (အောက်ဆိုက်ကား) များကို ဖမ်းဆီးအရေးယူရာ၌ လေးလကျော်အတွင်း ယာဉ်စီးရေ ၈၀ ကျော် ဖမ်းဆီးအရေးယူထားကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခု ဒီမေလဆန်းထဲမှာ ကြားကား ၁၅ စီး ဖမ်းဆီးထားတယ်။ ဘယ်နေရာက ဖမ်းဆီးရမိတာလဲဆိုရင် မြို့နယ်အစုံလို့ပဲ ပြောရမှာဖြစ်တယ်။ သူ့နယ်မြေခံ ယာဉ်ထိန်းရဲတွေနဲ့ စောင့်ကြည့်စစ်ဆေးနေ တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ဖမ်းဆီးရမိထားသည့်ကြား ကားများကို အင်းစိန်၊ လှိုင်သာယာ၊ တာမွေမြို့နယ်တို့တွင် အများဆုံးဖမ်းဆီးရမိခြင်းဖြစ်ပြီး ဇန်နဝါရီလမှ မေလ ၁၀ ရက်အထိ ၈၀ ကျော် ဖမ်းဆီးအရေးယူထားကြောင်း ၎င်းက ပြောကြားသည်။

ယခင် မထသလက်ထက်ကတည်းက ကြားကားပြေးဆွဲမူများရှိခဲ့ပြီး လက်ရှိအချိန်အထိ မပပျောက်နိုင်ခြင်းမှာ ခရီးသည်တင်ယာဉ်လိုင်းများသည် ခရီးသည်များ၏ စီးနင်းမူလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခြင်း၊ ယာဉ်စီးရေ လုံလောက်စွာဖြင့် ညပိုင်းအထိ မပြေးဆွဲနိုင်ခြင်းကြောင့်ဖြစ်ကြောင်း အမှတ် ၂ ယာဉ် ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ သတ်မှတ်လိုင်စင်မရှိဘဲ ပြေးဆွဲခြင်းကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ လုပ်ငန်းလိုင်စင် ကွဲလွဲပြစ်ဒဏ်ဖြင့် ပုဒ်မ ၆၅ အရ ဒဏ်ငွေ ကျပ်သုံးသောင်း ချမှတ်အရေးယူခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

လက်ရှိတွင် YBS ယာဉ်လိုင်းများ၌ ယာဉ်စီးရေ လေးထောင်ကျော်ဖြင့် နေ့စဉ်ပြေးဆွဲနေသော်လည်း ခရီးသွားပြည်သူများသည် ညပိုင်းတွင် ကြားကား (အောက်ဆိုက်ကား) များကို အားပြုစီးနင်းနေရဆဲဖြစ်သည်။

ကြားကားများပပျောက်ရန် လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအားလုံး ည ၁၀ နာရီအထိ ပြေးဆွဲရန် စီမံလျက်ရှိပြီး YBS ယာဉ်လိုင်း ၉၃ လိုင်း၊ ယာဉ်စီးရေ ၄၀၀၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူက ပြောကြားသည်။

J-06



FOLLOW US