News

ရန်ကုန်လေဆိပ်တွင် ဘတ်စ်ကား မှတ်တိုင်နှစ်ခု ဆောက်မည်

ရန်ကုန်၊ မေ ၉

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်- ဆူးလေ-ရန်ကုန် ဘူတာကြီးခရီးစဉ် ပြေးဆွဲမည့် အမြန်ယာဉ်လိုင်းအတွက် ဘတ်စ်ကားမှတ်တိုင်နှစ်ခုကို အဆိုပါလေဆိပ်က တည်ဆောက်ပေးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“Bus Stop နှစ်ခု တည်ဆောက်ပေးမယ်ဆိုတာ ဟုတ်ပါတယ်။ လေဆိပ် ဝင်ပေါက် ၁ နဲ့ ၃ (Terminal 1 နဲ့ 3) မှာ ပါ။ ခရီးသည်တွေ သက်သောင့်သက်သာ ထိုင်စောင့်နိုင်မယ့် ပုံစံဖြစ်အောင် ဆောင်ရွက်မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ Bus Stop နှစ်ခုအတွက် ဒီဇိုင်းရေးဆွဲနေပြီး ကုန်ကျစရိတ် တွက်ချက်လျက်ရှိကာ လေဆိပ်နှင့် သင့်လျော်ပြီး အမိုးပါသော Bus Stop ဖြစ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မေလ ၆ ရက်က အဆိုပါ ခရီးစဉ်ပြေးဆွဲနိုင်ရေး YRTA နှင့် လေဆိပ်မှတာဝန်ရှိသူများ၊ Omni Focus မှ တာဝန်ရှိသူတို့ လေဆိပ် အဝင်၊ အထွက် လမ်းကြောင်းများ သတ်မှတ်ရေး Airport Terminal Bus Stop နေရာသတ်မှတ်ရေးနှင့် ယာဉ်ရပ်နားနေရာစီစဉ်နိုင်ရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။

“လေဆိပ်က မှတ်တိုင်လုပ်ပေးဖို့ စီစဉ်နေတယ်။ လေကြောင်းခရီးစဉ်တွေကိုလည်း တွက်ချက်ပေးနေပါတယ်”ဟု Omni Focus  ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။

အဆိုပါ ယာဉ်လိုင်းခရီးစဉ်ကို မေလအတွင်း ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိ YBS ယာဉ်လိုင်းများကဲ့သို့ အချိန်ပြည့် ပြေးဆွဲမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ လေယာဉ်ခရီးစဉ်အချိန်အတိုင်း ယာဉ်လိုင်း ထွက်ချိန်၊ သိမ်းချိန် သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အစက ၁၅ ရက် မတိုင်ခင် ပြေးဆွဲဖို့ လျာထားတာပါ။ လက်ရှိက လေကြောင်းရဲ့ ခရီးစဉ်အချိန်တွေကို တွက်ချက်နေတာဖြစ်တော့ အားလုံး အဆင်သင့်ဖြစ်ချိန်မှ ဆွဲတော့မယ်။ ယာဉ်စီးခကလည်း YRTA က ချပေးတော့မှ အသိပေးမယ်”ဟု ၎င်းကဆိုသည်။

စတင်ပြေးဆွဲမည့်ရက်ကို ကုမ္ပဏီက သတ်မှတ်မည်ဖြစ်ပြီး လက်ရှိတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေဆဲဖြစ်၍ ခရီးသည်တစ်ဦး၏ ယာဉ်စီးခနှုန်းကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်လိုင်းကို ယာဉ်စီးရေ ၅၀ ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းများမှာ ရန်ကုန်လေဆိပ် - ၈ မိုင် - ကိုးမိုင် အိုရှင်း - နဝဒေး - ကမ္ဘာအေးဘုရားလမ်း - အင်းလျားလိပ် ဟိုတယ် - မြန်မာ ပလာဇာ - ရွှေဂုံတိုင် (Excel)-တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) - ဆူးလေ - ရန်ကုန် ဘူတာကြီးတို့ဖြစ်သည်။ 

J-06



FOLLOW US