News

04-Apr-2018

YBS
YBS 32 ပေါ်တွင် ခရီးသည်တစ်ဦးရုတ်တရက် သေဆုံး
ရန်ကုန်၊ ဧပြီ ၄ 

ရေကြောင်းသိပ္ပံမှ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ပြေးဆွဲသော YBS 32 အဝါရောင် ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် ဧပြီလ ၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

သန်လျင်မြို့နယ်၊ မြို့ဟောင်း အနောက်ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်မြင့်သည် ယင်းနေ့က သန်လျင် မီးပွိုင့်မှတ်တိုင်မှ YBS 32 ယာဉ်ပေါ်သို့ လိုက်ပါစီးနင်းလာစဉ် သာကေတမြို့နယ်၊ (၁၀/တောင် (၁၂) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ဆောက်လုပ်ရေး မှတ်တိုင်အရောက် သတိလစ်နေသဖြင့် အငှားယာဉ်တစ်စီးကိုငှားရမ်းပြီး ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူနဲ့အတူ သူ့ဇနီးလည်းပါတယ်။ သေဆုံးသူမှာ နဂိုကတည်းက သွေးတိုး၊ နှလုံးရောဂါ ခံစားနေရလို့ ဆေးကုသမှု ခံယူနေရတဲ့သူပါ။ ပြင်ပဒဏ်ရာ မတွေ့ရဘူး။ သတိလစ်နေလို့ အငှားယာဉ်နဲ့ ပို့လိုက်တဲ့အချိန် လမ်းမှာသေသွားတာ ဖြစ်နိုင်တယ်။ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်သိရအောင် သေမှုသေခင်း ဖွင့် စစ်ဆေးနေပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် သေမှုသေခင်းဖွင့် စစ်ဆေးခဲ့ရသည့် အမှုပေါင်း ၁၃၀၀ ကျော်ရှိခဲ့ပြီး ရောဂါဖြင့် ရုတ်တရက် သေဆုံးသူ ၂၉၇ ဦး၊ အရက်အမူးလွန် သေဆုံးသူ ၁၈၆ ဦး၊ မည်သူမည်ဝါမှန်းမသိ၊ ဒဏ်ရာမရှိ သေဆုံးသူ ၆၁ ဦးရှိကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သေမှုသေခင်းပေါင်း ၂၉၆ မှုရှိပြီး ရောဂါဖြင့် ရုတ်တရက် သေဆုံးသူ ၇၃ ဦး၊ အရက် အမူးလွန်သေဆုံးသူ ၂၆ ဦး၊ မည်သူမည်ဝါမှန်းမသိ၊ ဒဏ်ရာမရှိ သေဆုံးသူ ၇ ဦးနှင့် မည်သူမည်ဝါမှန်း မသိရဘဲ ဒဏ်ရာရရှိသေဆုံးသူ တစ်ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

J-16



FOLLOW US