News

04-Apr-2018

ရန်ကုန် YBS
လိုင်းနံပါတ်တူ ခရီးစဉ်ကွဲ ယာဉ်လိုင်းသုံးလိုင်း ယခုလတွင် ပြေးဆွဲမည်
ရန်ကုန်၊ ဧပြီ ၃

လက်ရှိပြေးဆွဲနေသည့် YBS ၃၇၊ ၈၉ ယာဉ်လိုင်းနံပါတ်များဖြင့် နံပါတ်တူသော်လည်း ခရီးစဉ်လမ်းကြောင်းကွဲ ယာဉ်လိုင်းသုံးလိုင်း ယခုလအတွင်း ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီ YBPC ထံမှ သိရသည်။

“ယာဉ်လိုင်းနံပါတ်တွေက အသစ်တော့မဟုတ်ဘူး။ ရှိပြီးသားနံပါတ်ကိုပဲ လမ်းကြောင်းခွဲဆွဲမှာ။ တချို့ခရီးသည်တွေ တောင်းဆိုချက်အရ လမ်းကြောင်း မရှိတဲ့နေရာတွေ ပြေးမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

YBPC ကုမ္ပဏီလက်အောက်တွင် လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများအနက် YBS ၃၇ ယာဉ်လိုင်း ၂ လိုင်းနှင့် ၈၉ ယာဉ်လိုင်း တစ်လိုင်းကို နံပါတ်တူဖြင့် ယာဉ်စီးရေနည်းပါးသော ခရီးစဉ်လမ်းကြောင်း၊ ယာဉ်လိုင်းပြေးဆွဲခြင်းမရှိသော ခရီးစဉ်လမ်းကြောင်းများကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီးသွားပြီ။ ပြေးမယ့်ရက်အတိအကျ မသိရသေးလို့ ပြောလို့မရသေးဘူး။ ဒီလထဲတော့ သေချာပါတယ်”ဟု ၎င်းက ဆိုသည်။

ထပ်တိုးပြေးဆွဲမည့် လမ်းကြောင်းအသစ်အနေနှင့် လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံခရီးစဉ်၊ ရွှေပြည်သာ၊ လှော်ကား၊ တညင်းကုန်း၊ သာကေတခရီးစဉ်နှင့် သာကေတ၊ ခိုင်ရွှေဝါ၊ မြင်တော်သာ၊ ဆူးလေခရီးစဉ်ဟူ၍ သတ်မှတ်လျာထားပြီး ယာဉ်အစီးရေ ၁၀၀ ကျော်ဖြင့် ယင်းနေရာများကို အခြေပြုပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ ခရီးသည်တင်ယာဉ်လိုင်းအဖြစ် YBS ၃၇၊ ၈၇၊ ၈၈၊ ၈၉ ယာဉ်လိုင်းများကို ယာဉ်စီးရေ ၆၀၀ ခန့်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန် ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီ YBPC ထံမှ သိရသည်။

J-06



FOLLOW US