News

YBS ယာဉ်ပေါ်တွင် ခြင်ဆေးခွေမီးထွန်းအိပ်ရာက မီးလောင်၊ အမျိုးသားနှစ်ဦးသေဆုံး


ရန်ကုန်၊ မတ် ၂၉

လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ အနော်ရထာလမ်းမဘေးရှိ YBS အမှတ် ၅၃ ဂိတ်တွင် မတ်လ ၂၈ ည ၁၁ နာရီ မိနစ် ၂၀ ခန့်က YBS ယာဉ်ပေါ်တွင် ခြင်ဆေးခွေမီးထွန်းအိပ်ရာက မီးလောင်ခဲ့ပြီး ယာဉ်ပေါ်၌ အိပ်ပျော်နေသူ အမျိုးသားနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းမီးလောင်မှုကြောင့် လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားနှင့် အဖော်အဖြစ်လိုက်ပါ အိပ်စက်သူ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးတို့ မီးလောင်သေဆုံးခဲ့ပြီး ယာဉ်၏အတွင်းရှိ ဆိုဖာထိုင်ခုံများ၊ ရှေ့လေကာမှန်၊ ပြတင်းမှန်များနှင့် အတွင်းရှိ ပစ္စည်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးလောင်ရာသို့ လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် ရပ်ကွက်နေ ပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နှစ်မိနစ်ခန့်အကြာ မီးငြှိမ်းသွားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“အလယ်ရွာ - မီးခွက်ဈေး - ဘုရားလမ်း - စက်မှုဇုန်ကို ဆွဲတဲ့ကားပါ။ မီနီဘတ်စ်အမျိုးအစား အဝါရောင်ကား။ ယာဉ်ပေါ်မှာထွန်းထားတဲ့ခြင်ဆေးခွေက ဆိုဖာထိုင်ခုံကို စလောင်တယ်။ ဆိုဖာထိုင်ခုံတွေဆိုတော့ မီးလောင်အားကောင်းကောင်းနဲ့သွားတာ။ လောင်ချိန်ဘယ်လောက်မှ မကြာလိုက်ဘူး။ ယာဉ်တစ်စီးလုံး ကုန်အောင်လောင်သွားတာ။ မီးလောင်သေတဲ့နှစ်ယောက်က တစ်ယောက်က ထိုင်ခုံပေါ်မှာ၊ တစ်ယောက်က ကြမ်းပြင်ပေါ်မှာ တွေ့တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယာဉ်ပေါ်တွင် မီးလောင်သေဆုံးသူများ၏ ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရာ ယင်းဆေးရုံကြီးမှ အသက် ၂၂ နှစ်အရွယ် အမျိုးသား၏ ရုပ်အလောင်းအား PR 23 ဖြင့်လည်းကောင်း၊ အသက် ၁၃ နှစ် အရွယ် ယောက်ျားလေး၏ ရုပ်အလောင်းအား PR 24 ဖြင့်လည်းကောင်း လက်ခံစစ်ဆေးနေပြီး မီးပေါ့ဆသုံးစွဲသည်ဟုဆိုသော အသက် ၂၂ နှစ်အရွယ် အမျိုးသားကို လှိုင်သာယာ မြို့မရဲစခန်းက (ပ) ၁၁၈၁/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅/ ၃၀၄ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

J-16




FOLLOW US