News

ကွန်ပျူတာတက္ကသိုလ်-ဘူတာကြီး ခရီးစဉ် YBS ၉၄ ယာဉ်လိုင်း ယနေ့ပြေးဆွဲ
ရန်ကုန်၊ မတ် ၂၅ 

ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ ခရီးသွားလာမှု အဆင်ပြေစေရန် ကွန်ပျူ တာတက္ကသိုလ်-ရန်ကုန်ဘူတာကြီး ခရီးစဉ်ကို YBS ၉၄ ယာဉ်လိုင်းက ယနေ့ (မတ်လ ၂၆ ရက်)မှစ၍ ပြေးဆွဲပြီဖြစ်ကြောင်း လူထုမိတ်ဆွေပြည်သူ့အကျိုးပြု ယာဉ်လိုင်းကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ဦးတရုတ်လေးက ပြောကြားသည်။

“ကွန်ပျူတာတက္ကသိုလ်ကနေ နေ့စဉ်မနက် ၅ နာရီခွဲမှာ စတင်ပြေးဆွဲပေးမည်ဖြစ်တယ်။ စပြေးတဲ့နေ့မှာ ခရီးသည်တွေကို မိတ်ဆက်တဲ့အနေနဲ့ ယာဉ်စီးခ အခမဲ့အဖြစ် ပြေးပေးမှာပါ”ဟု ၎င်းကဆိုသည်။

ယာဉ်လိုင်းသစ် ဖွင့်လှစ်ပွဲအခမ်းအနားကို မတ်လ ၂၆ ရက် ကွန်ပျူတာတက္ကသိုလ်အနီးရှိ YBS ၉၄ ယာဉ်ရပ်နားဝင်းတွင် ကျင်းပပြုလုပ်ပြီး Brand Ambassador အဖြစ် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးကို ခန့်အပ်ခဲ့ကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းထံမှ သိရသည်။

အဆိုပါ ယာဉ်လိုင်းမှာ ယာဉ်စီးခ ကျပ် ၃၀၀ ဖြစ်ပြီး သံဃာတော်များ၊ သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး မကောင်းသူများအနေနှင့် လူထုမိတ်ဆွေ၏ မည်သည့် ယာဉ်လိုင်းများတွင်မဆို (အခမဲ့) စီးနင်းနိုင်မည်ဖြစ်ကြောင်း ဦးတရုတ်လေးက ပြောကြားသည်။

YBS၉၄ ယာဉ်လိုင်းကို Fotun ယာဉ်အမျိုးအစား ၅၀ စီးဖြင့် စတင် ပြေးဆွဲပြီး ခရီးစဉ်လမ်းကြောင်းများမှာ ကွန်ပျူတာတက္ကသိုလ်(ဂိတ်ရင်း)၊ ရွှေပြည်သာကွေ့၊ တညင်းကုန်းလမ်းဆုံ၊ ဖော့ကန်၊ ဘိုကုန်း၊ အင်းစိန်ပန်းခြံ၊ ဗဟိုလမ်း၊ ဟံသာဝတီ၊ အထက်/အောက်ကြည့်မြင် တိုင်လမ်း၊ စလင်းကွင်း၊ ဝှိုက်တော၊ ဂျင်မ်ခါနာ၊ သခင်မြပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ရန်ကုန်ဘူတာကြီး (ဂိတ်ဖျား) ခရီးစဉ်တို့ဖြစ်ကြောင်း လူထုမိတ်ဆွေပြည်သူ့ အကျိုးပြုယာဉ်လိုင်းထံမှ သိရသည်။

လူထုမိတ်ဆွေပြည်သူ့အကျိုးပြုယာဉ်လိုင်းသည် YBS ၇၈၊ ၉၃ ယာဉ်လိုင်းတို့ကို ယာဉ်စီးရေ ၁၀၀ ဖြင့် ပြေးဆွဲခဲ့ပြီး လက်ရှိ YBS ၉၄ ယာဉ်လိုင်းကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06



FOLLOW US