News

25-Mar-2018

ရန်ကုန် YBS
နှစ် ၂၀ ကျော်သက်တမ်းရှိ YBS ယာဉ်များ ဧပြီ ၁ ရက်မှစ၍ ပြေးဆွဲခွင့် ပိတ်မည်
ရန်ကုန်၊ မတ် ၂၄ 

ခရီးသည်တင် YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် နှစ် ၂၀ ကျော် သက်တမ်းရှိ ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ်ယာဉ်အို၊ ယာဉ်ဟောင်းများ ဧပြီလ ၁ ရက်မှစ၍ ပြေးဆွဲခွင့်ပိတ်မည်ဟု တိုင်းအစိုးရအဖွဲ့က အသိပေးကြေညာခဲ့ကြောင်း ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။

မတ်လ ၂၂ ရက်က တိုင်းအစိုးရအဖွဲ့နှင့် ယာဉ်လိုင်းတာဝန်ခံများ တွေ့ဆုံပွဲတွင် YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် ၉၆၊ ၉၇၊ ၉၈ ယာဉ်အို၊ ဟောင်းများ မတ်လ ၃၁ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ပြီး ဧပြီလ ၁ ရက်တွင် ပြေးဆွဲခွင့်ပိတ်မည်ဟု အသိပေးကြေညာခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်သည့် ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။

“အရင် အစည်းအဝေးတုန်းက နောက်ဆုံးအပ်ရမယ့်ရက်ပဲ ပြောခဲ့တာ။ အခုအရေးယူမယ့်ရက်ကို အတိအကျ ပြောလိုက်တာပါ။ ဘယ်လိုင်းက ဘယ်နှစီးဆိုတာတော့ စာရင်းအတိအကျ မပြောပါဘူး”ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် အပ်နှံရန် ကျန်ရှိနေသည့် ၉၆ မှ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ်ယာဉ်အိုများ မတ်လကုန်အပြီး အပ်နှံနိုင်ခြင်းမရှိပါက တိုင်းအစိုးရအဖွဲ့အနေနှင့် လူစီးစလစ်ထုတ်ပေးမည် မဟုတ်ကြောင်း Power Eleven အများပိုင် ယာဉ်လိုင်းကုမ္ပဏီဥက္ကဋ္ဌ ဦးတရုတ်လေးက ဆိုသည်။

“အခုက လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကြောင့် ကြန့်ကြာနေတဲ့ ယာဉ်ပိုင်ရှင်တွေကို သတိပေးတာပါ”ဟု ၎င်းက ဆိုသည်။

အပ်နှံရန်ကျန်ရှိသည့် ယာဉ်အို၊ ယာဉ်ဟောင်းများကို ပြေးဆွဲခွင့် ပိတ်သိမ်းမည်ဖြစ်ပြီး လူစီးစလစ်ထုတ်ယူခွင့် ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က ၂၀၁၇ခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် စစ်တမ်းကောက်ယူချက်အရ YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ် ထုတ်မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းမှာ စီးရေ ၁၀၀၀ ခန့်ရှိပြီး ၃၆၀ စီးကျော် အပ်နှံကာ လူစီးစလစ်ထုတ်ယူထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-06



FOLLOW US