News

21-Mar-2018

YBS
YBS ယာဉ်လိုင်း ခြောက်လိုင်း Wifi Free ထပ်တပ်

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်မြို့အတွင်း ယာဉ်လိုင်းပေါင်း ၂၀ ကို တာဝန်ယူ ပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီသည် ယာဉ်လိုင်းခြောက်လိုင်းတွင် Wifi Free တပ်ဆင်ပေးခဲ့ပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခရီးသွားပြည်သူတွေကို ဝန်ဆောင်မှု ပေးတဲ့အနေနဲ့ အခုလို ဆောင်ရွက်ပေးတာပါ။ ခရီးသည်တွေ သက်သက်သာသာ စီးရင်း Wifi သုံးစွဲလို့ရမှာဖြစ်တယ်။ နောက်ထပ်လိုင်းတွေကိုလည်း တပ်ဆင်ပေးဦးမှာပါ”ဟု ၎င်းကဆိုသည်။

YUPT ကုမ္ပဏီလက်အောက်ရှိ YBS ယာဉ်လိုင်းများကို iStar Free Wifi Services က တပ်ဆင်ပေးခြင်းဖြစ်ပြီး လက်ရှိ YBS ၇၊ ၁၅၊ ၂၄၊ ၂၆၊ ၃၆ နှင့် ၂၉ တို့ရှိ ယာဉ် ၂၀၀ တွင် Wifi Free တပ်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပထမဆုံး တပ်ဆင်တာက YBS ၇ ယာဉ်လိုင်းကိုပါ။ အခုနောက်ဆုံး မတ်လ ၂၀ ရက်က တပ်လိုက်တာက YBS ၂၉ ယာဉ်လိုင်းပဲဖြစ်တယ်”ဟု ၎င်းကဆိုသည်။

Wifi သုံးစွဲလိုသူများအနေနှင့် ဖုန်း၏ Wifi setting  ထဲဝင်၍ iStar ကို Connect လုပ်ရန်၊ Wifi Connected ဖြစ်သွားပါက iStar  Login စာမျက်နှာ ပေါ်လာပါက Start Wifi ခလုတ်ကိုနှိပ်ရန်လိုအပ်ပြီး Video, Music, App, Games စသည့် Tab အသီးသီးရှိ Content များကို စိတ်ကြိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း iStar Free Wifi Services ထံမှ သိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT တွင် YBS ယာဉ်လိုင်းပေါင်း နှစ်ဆယ်ရှိပြီး ယာဉ်စီးရေ ၁၂၇၀ စီးဖြင့် နေ့စဉ်ခရီးသည် ပို့ဆောင်လျက်ရှိသည်။ 

J-06



FOLLOW US