News

YBS ပေါ်တွင် ယာဉ်မောင်းတစ်ဦး ရုတ်တရက်သေဆုံး
ရန်ကုန်၊ မတ် ၁၅

YBS အမှတ် (၆၈) ဂိတ်ရှိ ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် မတ်လ ၁၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အသက် ၅၉ နှစ်အရွယ် YBS ခရီးသည်တင် ယာဉ်မောင်း အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် နေထိုင်သူ ဦးစောလှသိန်းသည် ယင်းနေ့က YBS အမှတ် (၆၈) ခရီးသည်တင်ယာဉ်ကို မောင်းနှင်ရန် နံနက် ၄ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ဂိတ်သို့ရောက်ရှိလာပြီး ခေါင်းမူးသည်ဟုဆိုကာ ယာဉ်ပေါ်တွင် အိပ်နေကြောင်း၊ နံနက် ၆ နာရီခွဲခန့်၌ ယာဉ်နောက်လိုက်သွားရောက်နှိုးစဉ်တွင်မှ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရွှေပြည်သာကနေ နည်းပညာတက္ကသိုလ် လှိုင်သာယာဘက်ဆွဲတာ။ ယာဉ်ထွက်ဖို့ ယာဉ်နောက်လိုက်က သွားနှိုးတဲ့အချိန်မှာ နှိုးမရတာနဲ့ လိုင်းကြီးကြပ်ဆီသတင်းပို့ပြီး စစ်ဆေးကြည့်တော့မှ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ အရက်ဖြတ်ထားတာ သုံးရက်လောက်ရှိပြီလို့ သိရတယ်။ သွေးတိုးရောဂါကြောင့် သေဆုံးတယ်လို့ ယူဆရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးမှ PR- 01 ဖြင့် လက်ခံစစ်ဆေးနေပြီး လှော်ကားနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၉/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် သေမှုသေခင်းပေါင်း ၁၃၀၀ ကျော်ရှိခဲ့ပြီး ရုတ်တရက်သေဆုံးမှုများနှင့်ပတ်သက်၍ စစ်ဆေးရာ ရောဂါကြောင့် ရုတ်တရက်သေဆုံးသူ ၂၉၇ ဦး၊ အရက်အမူးလွန်သေဆုံးသူ ၁၈၆ ဦး၊ ရုတ်တရက်ထိခိုက်သေဆုံးသူ ၃၁ ဦး ရှိကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ သေမှုသေခင်းဖွင့်စစ်ဆေးသည့် အမှုပေါင်း ၁၉၃ မှုရှိခဲ့ပြီး ရောဂါကြောင့် ရုတ်တရက်သေဆုံးသူ ၄၄ ဦး၊ အရက်အမူးလွန် သေဆုံးသူ ၁၆ ဦး၊ ရုတ်တရက်ထိခိုက်သေဆုံးသူ ၆ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

J-16



FOLLOW US