News

ရန်ကုန်သင်္ကြန်နှင့် YBS


“ကျွန်တော်တို့က မဏ္ဍပ်ထိုင်မှာဆိုတော့ YBS နဲ့ သွားလို့ အဆင်မပြေလောက်ဘူးလို့ ထင်တယ်”

ကိုအာကာမင်းအောင် (ခရီးသည်)

သင်္ကြန်တွင်းမှာ YBS တွေ ပြေးဆွဲပေးသွားမယ်ဆိုတာနဲ့ပတ်သက်ပြီး အခုလို လုပ်ပေးမယ်ဆိုတာကတော့ ကောင်းပါတယ်။ ကောင်းတာလုပ်တာကိုတော့ လက်ခံရမှာပေါ့။ နောက် ပြီးခဲ့တဲ့နှစ်တွေက ကျွန်တော်လည်း သင်္ကြန် ဒီမှာရှိမနေတဲ့အတွက် ဒီနှစ်တော့ စစီးကြည့်မလို့။ ယာဉ်အစီးရေ ၈၀၀ ပဲ ပြေးဆွဲမယ်ဆို အဆင်မပြေလောက်ဘူးထင်တယ်။ လူတွေကလည်း အရမ်းများပြီး ပြည့်ကျပ်နေမယ်။ နောက် သင်္ကြန်တွင်းဆိုတော့ ရေကလည်း စိုနေတယ်။ အနံ့အသက်ကလည်း ကောင်းမယ်မထင်ဘူး။ သင်္ကြန်တွင်းက ကျွန်တော်တို့က မဏ္ဍပ်ထိုင်မှာဆိုတော့ YBS နဲ့ သွားလို့ အဆင်မပြေလောက်ဘူးလို့ ထင်တယ်။ သူငယ်ချင်းတွေစုပြီး တက္ကစီငှားသွားရတာက ပိုပြီးအဆင်ပြေလောက်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ YBS က ကိုယ်သွားချင်တဲ့နေရာ ရောက်ချင်မှရောက်မှာလေ။ ကားကတော့ ကျပ်မယ်လို့ထင်တယ်။


“အခြေခံလူတန်းစားတွေ သွားရေးလာရေး အဆင်ပြေဖို့အတွက် ဦးစားပေးပြေးဆွဲပေးစေချင်တာပေါ့”

ကိုချောနကျယ် (ပြည်သူတစ်ဦး) 

စိတ်ထဲရှိတဲ့အတိုင်းဆိုရင်တော့ ယာဉ်အစီးရေ ၈၀၀ ဆိုတာ နေ့စဉ်လား၊ တခြားနှစ်တွေတုန်းက မထသတွေလို အကြို၊ အကျသာ ကားထွက်ပြီး အကြတ်၊ အတက်လိုနေ့မျိုးမှာ ယာဉ်စီးရေနည်းသွားမယ်ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ သင်္ကြန်တွင်း နေ့စဉ် အစီး ၈၀၀ ဆိုရင်တော့ ကောင်းပါတယ်။ လမ်းကြောင်းတွေကိုတော့ ကားပိတ်မယ့် လူစည်ကားမယ့် ပြည်လမ်းတို့၊ ကမ္ဘာအေးဘုရားလမ်း အချိုးတွေကိုရှောင်ပြီး ဆွဲမယ်ဆို စီးသူရော မောင်းသူရော အဆင်ပြေနိုင်ပါတယ်။ အဓိကက ဆင်ခြေဖုံးဘက်တွေကနေ မြို့တွင်းကို လာလည်ကြမယ့် အခြေခံလူတန်းစားတွေ သွားရေးလာရေး အဆင်ပြေဖို့အတွက် ဦးစားပေး ပြေးဆွဲပေးစေချင်တာပေါ့။ အခက်အခဲကတော့ သင်္ကြန်တွင်း ဘတ်စ်ကားမစီးဖူးတော့ မသိဘူး။ ဘာလို့လဲဆိုတော့ လူတွေနဲ့ ကားပေါ်မှာ မွန်းကျပ်တယ်လေ။ ပြီးတော့ လမ်းပိတ်တယ်။ YBS ဆွဲတဲ့ လမ်းကြောင်းအများစုက လူစည်ကားတဲ့ မိန်းလမ်းတွေပေါ်မှာဆိုတော့ အဆင်မပြေလောက်ဘူးထင်လို့ပါ။ အဓိက အဆင်ပြေနိုင်တာကတော့ ရွှေပြည်သာတို့၊ အင်းစိန်တို့၊ လှိုင်သာယာတို့၊ မြောက်ဒဂုံတို့ဘက်ကနေ မြို့ထဲကိုထွက်ကြမယ့်သူတွေ ရှိတယ်လေ။ သူတို့အတွက်က အဆင်ပြေမယ်ထင်တယ်။


“ယာဉ်စီးရေက ၅၀၀၀ နီးပါးလောက်မှာ ၈၀၀ ပဲထွက်တယ်ဆိုပေမယ့် ခရိုင်အလိုက် ပြေးဆွဲပေးမှာပါ”

ကိုတရုတ်လေး (Power Eleven ကုမ္ပဏီ၊ ဥက္ကဋ္ဌ)

သင်္ကြန်ပွဲတော်ရက်အတွင်းမှာ တိုင်းအစိုးရအဖွဲ့က YBS ယာဉ်စီးရေ ၈၀၀ စီးလောက် ထွက်ဖို့စီမံနေပါတယ်။ ယာဉ်လိုင်းတစ်လိုင်းကို ရှိတဲ့ယာဉ်ရဲ့ ၃၀ ရာခိုင်နှုန်းလောက် ပြေးဆွဲပေးဖို့ တာဝန်ခံတွေကို ညွန်ကြားထားတယ်။ ကျွန်တော်တာဝန်ယူပြေးဆွဲနေတဲ့ YBS ၂၁ နဲ့ ၇၈ ယာဉ်လိုင်း နှစ်လိုင်းလည်း ဒီအစီးရေ ၈၀၀ ထဲမှာ ပါပါတယ်။ မနှစ်က ယာဉ်ဟောင်းတွေနဲ့ဆိုတော့ ယာဉ်စီးရေ ပိုများတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ မနှစ်ကလည်း ၃၀ ရာခိုင်နှုန်းပဲ ပြေးဆွဲခဲ့တာပါ။ ဒီနှစ်က ကားအသစ်တွေများတော့ ဒီ အချို့ကားအသစ်တွေက သင်္ကြန်ပွဲတော်ရက်မှာ ပြေးဆွဲလို့မရတဲ့ယာဉ်တွေ ရှိတယ်။ ယာဉ်စီးရေက ၅၀၀၀ နီးပါးလောက်မှာ ၈၀၀ ပဲ ထွက်တယ်ဆိုပေမယ့် ခရိုင်အလိုက် ပြေးဆွဲပေးမှာပါ။ ယာဉ်စီးခလည်း ပိုတောင်းခွင့်မရှိပါဘူး။ ပုံမှန်ဈေးနဲ့ ပြေးရမယ်။ တိုးတောင်းတဲ့ယာဉ်လိုင်းကိုတော့ ထိထိရောက်ရောက် အရေးယူမယ်လို့ တိုင်းအစိုးရ အစည်းအဝေးမှာ ညွှန်ကြားထားပါတယ်။



FOLLOW US