11-Mar-2018

YBS သင်္ကြန်
သင်္ကြန်ကာလတွင် YBS ယာဉ် ၈၀၀ ထွက်မည်
ရန်ကုန်၊ မတ် ၁၀

၂၀၁၈ ခုနှစ် သင်္ကြန်နှစ်သစ်ကူးကာလတွင် YBS ယာဉ် ၈၀၀ ခန့် ရန်ကုန်မြို့တွင်း ပြေးဆွဲရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူက ပြောကြားသည်။

“သင်္ကြန်ရက်အတွင်း ပြေးလို့ရတဲ့ ယာဉ်တွေပဲ ထွက်မှာဖြစ်တယ်။ ကားအသစ် မှန်လုံကားတွေတော့ မထွက်ဘူး။ ခရီးသည်တွေ အဆင်ပြေအောင် ဆောင်ရွက်နေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါကာလအတွင်း ပြေးဆွဲမည့် ယာဉ်များအနေနှင့် ယာဉ်စီးခ ပိုတောင်းခြင်းမပြုရန် ယာဉ်လိုင်းတာဝန်ခံများကို ညွှန်ကြားထားပြီး ခိုက်ရန်ဖြစ်ပွားခြင်း အပါအဝင် အခြားစည်းကမ်းဖောက်ဖျက်မှုများ ရှိပါက ချက်ချင်းအရေးယူခြင်းစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း အပတ်စဉ် တိုင်းအစိုးရအစည်းအဝေးကို တက်ရောက်သည့် ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

“ယာဉ်စီးခက သင်္ကြန်တွင်း ပိုတောင်းတာ ရှိနိုင်တယ်။ ဒါကြောင့် တိုင်ကြားမှုရှိတာနဲ့ ချက်ချင်းအရေးယူမှာ ဖြစ်တယ်။ တခြားကြီးလေးတဲ့ စည်းကမ်းဖောက်မှုမျိုးဆိုရင် တစ်လထက်မပိုတဲ့ ထောင်ဒဏ်ကို ချမှတ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ YBS ယာဉ်လိုင်များအနေနှင့် ယာဉ်လိုင်းပေါင်း ၉၃ လိုင်းဖြင့် ခရိုင်လေးခုကို အခြေပြုပြေးဆွဲရာတွင် သင်္ကြန်ကာလအတွင်း ထွက်ရှိမည့် ယာဉ်စီးရေ လျော့နည်းသော်လည်း အဆိုပါ ခရိုင်လေးခုစလုံးကို ယာဉ် ၈၀၀ စီးဖြင့် ခွဲဝေပြေးဆွဲမည်ဖြစ်ကြောင်း YRTA တာဝန်ခံတစ်ဦးက ပြောကြားသည်။

“မနှစ်က အရည်ကျိုကားတွေရှိတော့ ယာဉ်စီးရေ ၁၀၀၀ လောက်ကို ခရိုင်လေးခုလုံး ပြေးခဲ့တယ်။ ဒီနှစ်က ကားအသစ်တွေမို့ အနည်းငယ်စီးရေ လျော့ပေမယ့် ခရိုင်လေးခုစလုံးကို ပြေးမှာပါ”ဟု ၎င်းက ဆိုသည်။

ယာဉ်လိုင်းပေါင်း နှစ်ဆယ်ကို တာဝန်ယူပြေးဆွဲရာတွင် ယာဉ်လိုင်းတစ်လိုင်းတွင် ယာဉ်စီးရေ ၃၀ မှ ၁၀၀ ကျော်အထိရှိပြီး ယာဉ်လိုင်းရှိ ယာဉ်စီးရေ၏ ၂၀ ရာခိုင် နှုန်းခန့်သာ သင်္ကြန်ကာလအတွင်း ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။

ယာဉ်အသစ်များဖြင့် ပြေးဆွဲနေသော YBS ၂၀၊ ၅၆၊ ၈၀ ယာဉ်လိုင်းတို့မှာ သင်္ကြန်ကာလတွင် ရပ်နားမည်ဖြစ်ပြီး အဆိုပါယာဉ်လိုင်းသုံးလိုင်းတွင် ယာဉ်စီးရေ ၁၈၀ စီးဖြင့် ပြေးဆွဲကြောင်း Omni Focus ကုမ္ပဏီမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလတွင် စည်းကမ်းဖောက်သည့် ယာဉ်လိုင်းများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအပြင် စည်းကမ်းချက် ၁၃၈ ချက်ဖြင့်ပါ အရေးယူမည်ဖြစ်ပြီး ပြစ်ဒဏ်များအနေနှင့် ဒဏ်ငွေ ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းနှင့် တစ်လထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း YRTA ထံမှ သိရသည်။

၂၀၁၇ ခုနှစ်၊ သင်္ကြန်ရုံးပိတ်ရက်တွင် YBS ယာဉ်စီးရေ ၄၀၀၀ ကျော်အနက် ယာဉ်စီးရေ ၂၀ ရာခိုင်နှုန်းကျော် ပြေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် YBS ယာဉ်စီးရေ ၅၄၀၀ စီးအနက် ၈၀၀ စီးခန့် ထွက်ရှိရန် စီမံလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06

  • VIA


FOLLOW US