News

YBS (၉) ယာဉ် အရှိန်မထိန်းနိုင်ဖြစ်ရာမှ ယာဉ်သုံးစီး ဆင့်တိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းရှိ မြေနီမှတ်တိုင်အနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲပိုင်းက YBS (၉) ခရီးသည် တင်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး ကယ်ဒီးနား အငှားယာဉ်တစ်စီးကို ဝင်တိုက်မိရာမှ ယာဉ်တိုက်ခံရသည့်အရှိန်ဖြင့် အငှားယာဉ်မှ ဖီဒါအငှားယာဉ် တစ်စီးကို ထပ်မံဝင်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှု စတင်ကျူးလွန်ခဲ့သည့် မီနီဘတ်စ်အမျိုးအစား YBS (၉) ခရီးသည်တင်ယာဉ်မှာ ကျောက်တိုင်ဘက်မှ အဝိုင်းဘက်သို့ ဧရာဝဏ်လမ်းအတိုင်း မောင်းလာစဉ် မြေနီမှတ်တိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဖြစ်ပြီး ယာဉ်ရှေ့နေ ကယ်ဒီးနား အငှားယာဉ်၏နောက်ပိုင်းကို ဝင်တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်ခံရသည့်အရှိန်ဖြင့် ကယ်ဒီးနားယာဉ်မှ ဖီဒါ အငှား ယာဉ်တစ်စီးကို ထပ်မံဝင်တိုက်မိခဲ့ပြီး ယာဉ်သုံးစီးပျက်စီးခဲ့သည်။

“YBS ကားပေါ်က ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ကယ်ဒီးနား အငှားယာဉ်မောင်းတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရသွားတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်”ဟု ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ YBS (၉) ခရီးသည်တင် ယာဉ်မောင်းဖြစ်သူ အသက် ၃၄ နှစ် ဦးစံသိန်းကို သာကေတနယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03




FOLLOW US