News

YBS အမှတ် (၂၂) ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်သုံးဦးကို ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ 

လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ညောင်တုန်းလမ်း၊ (၅) ထိပ်မှတ်တိုင်နှင့် (၃) ထိပ် မှတ်တိုင်ကြား YBS အမှတ် (၂၂) ယာဉ်ပေါ် လိုက်ပါစီးနင်းပြီး ခရီးသွားများထံမှ ခါးပိုက်နှိုက်ကျူးလွန်သူ ၆ ဦးအနက် သုံးဦးကို ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီခန့် က ဖမ်းမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၃ နှစ် အရွယ် ဇေယျာမျိုး (ခ) သူကြီး၊ အသက် ၂၅ နှစ်အရွယ် ဝေယံ (ခ) ကြွက်နီ၊ အသက် ၃၇ နှစ်အရွယ် ဇော်ဇော်အောင် (ခ) ဖိုးဇော်နှင့် ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၃၀ အရွယ် သိန်းသန်းထွန်း၊ အသက် ၃၅ နှစ်အရွယ် မျိုးမြင့်နိုင် (ခ) တရုတ်ကြီး၊ အသက် ၂၀ အရွယ် ကြာစိတို့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က လှိုင်သာယာမှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲသော YBS အမှတ် (၂၂) ယာဉ်ပေါ် လိုက်ပါစီးနင်းကာ ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ရွှေလက်ကောက်လေးကွင်း၊ ရွှေဆွဲကြိုးတစ်ကုံးကို နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ခါးပိုက်နှိုက်မှု ကျော်စောသတင်းရသူတွေကို စစ်ဆေးရင်းပေါ်ပေါက်တာ။ နှိုက်လို့ရတဲ့ ရွှေလက်ကောက်နဲ့ ဆွဲကြိုးတွေကို ပင်လုံဈေးမှာ သွားပေါင်ထားတယ်။ တခြားအမှုတွေ ရှိမရှိ သိရအောင်ဆက်လက် စစ်ဆေးတယ်။ စစ်ဆေးပေါ်ပေါက်ချက်တိုင်းကို အမှုဖွင့်အရေးယူသွားမှာပါ။ ထွက်ပြေးနေတဲ့သူတွေကိုလည်း ဖမ်းမိနိုင်ဖို့ လိုက်လံစုံစမ်းရှာဖွေနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းနှိုက်ယူရရှိသည့် ရွှေလက်ကောက်လေးကွင်းကို ပေါင်နှံရာ ငွေကျပ် ၁၃ သိန်းနှင့် ရွှေဆွဲကြိုးတစ်ကုံးမှာ ၆ သိန်း လေးသောင်းကျပ်ရရှိကြောင်း၊ ယင်းရွှေလက်ကောက်များမှာ ရွှေရည် ၁၄ ပဲရည်၊ အလေးချိန် ၁၁ ပဲ၊ ၆ ရွေးခန့်ရှိ ပတ္တာပါ ပန်းလက်ကောက်အကြီးတစ်ကွင်း၊ စုစုပေါင်းအလေးချိန် တစ်ကျပ်သားခန့်ရှိ ပန်းလက်ကောက် အသေးသုံးကွင်းနှင့် ရွှေရည် ၁၄ ပဲ၊ နှစ်ပြားခန့်ရှိ အလေးချိန် ၁၃ ပဲ၊ တစ်ရွေးခန့် မိန်းမပုံပါ ရွှေဆွဲပြားပါရှိသည့် သံကွင်း ဆက်ရွှေဆွဲကြိုးတစ်ကုံးတို့ ဖြစ်ကြောင်း၊ ယင်းလက်ဝတ်ရတနာများကို နှိုက်ယူသည့် အမျိုးသား ၆ ဦးကို လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်)/ ၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16



FOLLOW US