News

14-Feb-2018

ရန်ကုန် YBS
ဆူးလေ-ရန်ကုန် လေဆိပ်တိုက်ရိုက်ယာဉ်လိုင်း ယာဉ်မောင်းမရှိ၍ မပြေးနိုင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီလအတွင်း စတင်ပြေးဆွဲမည်ဟုဆိုထားသော ရန်ကုန်လေဆိပ်-ဆူးလေတိုက်ရိုက် အမြန်ယာဉ်လိုင်းမှာ ယာဉ်မောင်းမရှိ၍ ခန့်မှန်းရက်အတွင်း မပြေးနိုင်သေးကြောင်း Omni Focus ကုမ္ပဏီ၊ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအနက် အမြန်ယာဉ်လိုင်းအဖြစ် အဆိုပါခရီးစဉ်ကို ဖေဖော်ဝါရီလတွင် ပြေးဆွဲမည်ဟု ခန့်မှန်းခဲ့သော်လည်း မတ်လမှသာ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီထံမှ သိရသည်။

“ဒီလ ၂၃ ရက်နေ့ စပြေးမယ်ဆိုတာ မဟုတ်ပါဘူး။ မတ်လဆန်းမှာ ပြေးနိုင်အောင်ဆောင်ရွက်နေတယ်။ အဓိက ယာဉ်မောင်းတွေ မရှိသေးလို့။ ဒီလိုင်းအတွက် ယာဉ်မောင်းကောင်းတွေ ရှာနေတာပါ”ဟု Omni Focus ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။ 

လက်ရှိအချိန်ထိ ယာဉ်မောင်းလျှောက်ထားသူ ၂၀ ခန့်သာရှိသေးကြောင်း နှင့်ခန့်ထားရန်အတွက် စိစစ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်လေဆိပ်နှင့် ချိတ်ဆက်ပြေးဆွဲခြင်း ဖြစ်သောကြောင့် ဝန်ဆောင်မှုအပိုင်းကို ဦးစားပေးဆောင်ရွက်နေပြီး နိုင်ငံခြားသားခရီးသည်များပါ စီးနင်းနိုင်ရန် စီမံလျက်ရှိကြောင်း၊ ဘတ်စ်ကားမှတ်တိုင် ၁၇ ခု လျာထားရာမှ လက်ရှိတွင် မှတ်တိုင် ၁၀ ခုသာ ထားရှိမည်ဟု ခန့်မှန်းထားကြောင်း ယာဉ်လိုင်းပြေးဆွဲချိန်နီးပါက အတိအကျ အသိပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အခုနေတော့ စပြေးမယ့်အချိန်နဲ့ နောက်ဆုံးပြေးမယ့်အချိန်ရယ် ဘယ်ရက် စပြေးမယ်ဆိုတာရယ်ကို မသတ်မှတ်သေးဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာပြည်တွင် ရောက်ရှိနေသည့် နိုင်ငံခြားသားများနှင့် ပြည်တွင်းခရီးသည်များ ရန်ကုန်လေဆိပ်ကိုသွားလာမှု အဆင်ပြေစေရန် အဓိကနေရာဖြစ်သည့် ဆူးလေနှင့်လေဆိပ်ကို ချိတ်ဆက်ပြေးဆွဲခြင်းကို အမြန်ယာဉ်လိုင်းအဖြစ် သတ်မှတ်ကာ ပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ 

“YBS ဆိုပေမယ့် တခြားယာဉ်လိုင်းတွေအတွက်လည်း အခက်အခဲ အနှောင့်အယှက်မဖြစ်အောင် စီမံထားတယ်”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ဆူးလေ-ရန်ကုန်လေဆိပ်ကို ယာဉ်စီးရေ ၅၀ ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းကြောင်းအတိုင်း ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကာ လက်ရှိတွင် ယာဉ်များကို စတစ်ကာများကပ်နေပြီး ဂိတ်ဝန်ထမ်းများ၊ ယာဉ်မောင်းများ ခန့်အပ်ရန် အလုပ်ခေါ်ယူလျက်ရှိကြောင်း Omni Focus ကုမ္ပဏီထံမှ သိရသည်။

Omni Focus ကုမ္ပဏီသည် YBS ယာဉ်လိုင်း၂၀၊ ၂၇၊ ၈၃၊ ၈၅၊ ၅၆ တို့ကို ပြေးဆွဲလျက်ရှိပြီး ထပ်မံ၍ ယာဉ်လိုင်းအသစ် တိုးချဲ့ပြေးဆွဲရန်လည်း ရှိနေသေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06



FOLLOW US