News

13-Feb-2018

ရန်ကုန် YBS YRTA
ရန်ကုန်စီအန်ဂျီ အရောင်းဆိုင်အချို့ မြို့ပြင်ရွှေ့ရန် စီစဉ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့ရန် ရန်ကုန်မြို့တွင်း YBS ယာဉ်များ အသုံးပြုနေသည့် သဘာဝဓာတ်ငွေ့ (စီအန်ဂျီ) အရောင်းဆိုင်များကို မြို့ပြင်သို့ ယခုနှစ်အတွင်း ပြောင်းရွှေ့ရန်စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

“အင်တာနေရှင်နယ်အဆင့်မှာဆိုရင် မြို့ထဲ ခရီးသည်ပို့ဆောင်နေတုန်းမှာ စီအန်ဂျီဝင်ထည့်ရတယ်ဆိုတာ မရှိဘူး။ ဒီမှာရှိနေတယ်လေ။ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဒီကိစ္စကို Master Plan အဖြစ် ဆောင်ရွက်မှာပါ”ဟု အဆိုပါဝန်ကြီးဌာန၊ မော်တော်ယာဉ်သုံး ဓာတ်ငွေ့ဌာန (CNG) မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

YBS ယာဉ်လိုင်းများကို တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများအနေနှင့် ယာဉ်ရပ်နားကွင်းများ တည်ဆောက်ပြီးပါက ရောင်းအားနည်းသည့် CNG ဆိုင်များကို ယာဉ်ရပ်နားကွင်းနှင့် နီးစပ်သည့် မြို့ပြင်တွင် ထားရှိမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခုလက်ရှိက YBS က မငြိမ်သေးဘူးလေ။ ယာဉ်ရပ်နားကွင်းတွေ တည်ဆောက်တာပြီးရင် ဆီဆိုင်ပြောင်းရွှေ့တာကို လုပ်မှာပါ”ဟု ၎င်းက ဆိုသည်။

စီအန်ဂျီအရောင်းဆိုင်များ ပြောင်းရွှေ့ရာတွင် နှစ်မျိုးခွဲခြားမည်ဖြစ်ပြီး YBS ယာဉ်လိုင်းများအတွက် မြို့ပြင်တွင် စီအန်ဂျီဆိုင်ထားရှိမည်ဖြစ်ကာ အငှားတက္ကစီယာဉ်များအတွက် မြို့ထဲတွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရောင်းအားကျနေတဲ့ ဆိုင်တွေကိုပဲ ပြောင်းမှာပါ။ ဒါကလည်း စစ်တမ်းကောက်စရာ မလိုဘူး။ ဘယ်ဆိုင်က ကားသေး၊ ကြီး၊ လတ် ဝင်ထည့်နေတယ်ဆိုတာ သိတယ်။ ကိန်းဂဏန်းတွေကြည့်ရုံနဲ့ သိတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် စီအန်ဂျီအရောင်းဆိုင် တစ်ဆိုင်အတွက် ဝ ဒသမ ၇၅ ဧက လိုအပ်ပြီး အလျားအနေနှင့် ပေ ၂၀၀၊ အနံအနေနှင့် ပေ ၁၅၀ ခန့် ရှိရန် လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းအပြင် စီအန်ဂျီအသုံးပြုသည့် ယာဉ်လိုင်းသစ်များအတွက် သက်ဆိုင်ရာ နယ်မြေဒေသအလိုက် အလွယ်တကူ ထည့်ယူနိုင်မည့် CNG Station များ ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီး လိုအပ်သည့် သဘာဝဓာတ်ငွေ့များကို စီအန်ဂျီဆိုင်ကြီးများက ခွဲတမ်းအလိုက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေနှင့် စီအန်ဂျီသုံးစွဲသည့် ယာဉ်များကို ၂၀၀ လီတာ၊ ၃၀၀ လီတာ၊ ၄၀၀ လီတာ၊ ၅၀၀ လီတာအထိ ထည့်ဝင်သုံးစွဲမှုရှိပြီး လက်ရှိ YBS ယာဉ်လိုင်းတွင် စီအန်ဂျီသုံး ဘတ်စ်ကား ၃၇၀၀ စီးကျော် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

တာဝန်ခံယာဉ်လိုင်းကုမ္ပဏီများအနေနှင့် ဒဂုံဆိပ်ကမ်း၊ အမှတ် ၃ လမ်းမဘေး၊ လှိုင်သာယာ၊ တိုးကြောင်ကလေး၊ အနောက်ပိုင်းတက္ကသိုလ်၊ မှော်ဘီနည်းပညာတက္ကသိုလ်၊ ထောက်ကြန့်တို့တွင် ယာဉ်ရပ်နားကွင်းအဖြစ် ပြုလုပ်ရန် တင်ပြထားရှိမှုများရှိကြောင်း YRTA ထံမှ သိရသည်။

လက်ရှိယာဉ်လိုင်းနှင့် တိုးချဲ့ပြေးဆွဲမည့် ယာဉ်လိုင်းသစ်များအတွက် ယာဉ်ရပ်နားကွင်း လိုအပ်လျက်ရှိသည့်အတွက် အနောက်ပိုင်းတက္ကသိုလ်နှင့် မှော်ဘီနည်းပညာတက္ကသိုလ်အနီးတွင် ခွင့်ပြုပေးရန် တိုင်းအစိုးရအဖွဲ့ကို စာတင်ထားကြောင်း Power Eleven ကုမ္ပဏီဥက္ကဋ္ဌ ဦးတရုတ်လေးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီအရာင်းဆိုင် ၁၃၂ ဆိုင်ရှိပြီး စီအန်ဂျီအရောင်းဆိုင် ၄၁ ဆိုင်ရှိကာ အသေးစား ခြောက်ဆိုင်၊ အလတ်စား ၂၇ ဆိုင်၊ အကြီးစား ရှစ်ဆိုင်ရှိကြောင်း မော်တော်ယာဉ်သုံး ဓာတ်ငွေ့ဌာန (CNG) ထံမှ သိရသည်။

J-06



FOLLOW US