News

မီနီဘတ်စ်ယာဉ်များ မြို့ထဲပြေးဆွဲခွင့် ပိတ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

YBS ယာဉ်လိုင်းအသီးသီး၌ ငွေပေးချေကတ်စနစ် အကောင်အထည်ဖော်မည့် မတ်လတွင် မီနီဘတ်စ်ယာဉ်များကို မြို့တွင်းပြေးဆွဲမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

“မီနီဘတ်စ်ယာဉ်တွေ မြို့ထဲကို ပေးမဝင်တော့ဘူး။ အဓိက ငွေပေးချေကတ်က တံခါးပေါက်နှစ်ခု ရှိမှဖြစ်မှာ။ မီနီဘတ်စ်က တံခါးပေါက်တစ်ခုပဲ ဖြစ်နေတဲ့အတွက် စပယ်မှာ ဖြစ်တယ်။ မြို့ပြင်တွေကတော့ ထားဦးမှာပါ”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိ YBS ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၄၀၀၀ ကျော်မှ ၅၃၁၉ စီးအထိ တိုးမြှင့်လာခဲ့ပြီး ယာဉ်အသစ်မှာ ယာဉ်စီးရေနှစ်ထောင်ကျော်ရှိကာ မီနီဘတ်စ်ယာဉ် ၁၀၀၀ စီးကျော် ရှိကြောင်း ၎င်းက ပြောကြားသည်။

“ကားဟောင်းတွေ အပ်ပြီး ကားသစ်တွေနဲ့ ပြေးတာကတော့ ဘေးကင်းလုံခြုံမှု ရှိစေဖို့နဲ့ သက်သောင့်သက်သာ ရှိရမယ်။ မြင်သာထင်သာ ရှိရမယ်”ဟု ၎င်းက ဆိုသည်။

ငွေပေးချေကတ်စနစ် ကျင့်သုံးရာတွင် ယာဉ်စီးခနှုန်းထားများ မတူညီသည့် လမ်းကြောင်းများရှိနေပြီး အဆိုပါခရီးစဉ်လမ်းကြောင်းကို ပြေးဆွဲယာဉ်လိုင်းများပါ အဆင်ပြေစေရန် ယာဉ်စီးခကို အတက်တစ်ခါ၊ အဆင်းတစ်ခါ ကတ်ဖြတ်ရမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

လက်ရှိ ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ်လိုင်းများသည် ယာဉ်နောက်လိုက်များ ပါဝင်နေပြီး ယာဉ်စီးခ ပိုမို ကောက်ခံခြင်းများရှိကာ ကတ်စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်စေချင်ကြောင်း မီနီဘတ်စ်စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောကြားသည်။

“ကတ်စနစ်မှာလည်း အရင်ကတ်တွေက ဘယ်စီးစီး ၂၀၀ ဖြတ်တာ။ ၃၀၀ တန်၊ ၁၀၀တန် ခရီးဖြတ်ပိုင်းလေးကို စီးရင် ဘယ်လို ငွေဖြတ်မလဲမသိဘူး။ ဒါလည်း တိတိကျကျ သိချင်တယ်”ဟု ၎င်းက ဆိုသည်။

ယာဉ်လိုင်းပေါင်း ၂၀ ကို တာဝန်ယူ ပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT အနေနှင့် မီနီဘတ်စ်ယာဉ်ဟောင်းများကို အပ်နှံပြီး ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲရန် ယာဉ်များ အဆင်သင့်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ယာဉ်သစ်များဖြစ်သည့် စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းများရှိနေပြီး စီးတီးဘတ်စ်နှင့် မီနီဘတ်စ် ပူးတွဲပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်း ကျန်ရှိနေသေးကာ YBS ၃၊ ၁၆၊ ၁၇၊ ၇၆၊ ၉၂ စသည့်ယာဉ်လိုင်းတို့သည် မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲလျက်ရှိသည်။

J-06



FOLLOW US