News

01-Feb-2018

ရန်ကုန် YBS YRTA
ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီက ဖေဖော်ဝါရီလအတွင်း YRTA ကို တရားစွဲမည်
ရန်ကုန်၊ ဇန်နဝါရီ ၃၁

Bus Operator အဖြစ်မှ ရပ်စဲထားခြင်းအပေါ် ပြန်လည်ညှိနှိုင်းဖြေရှင်းပေးရန် စာတင်ခဲ့သော်လည်း ဖြေရှင်းခြင်းမရှိခြင်းကြောင့် ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ယာဉ်လိုင်းကုမ္ပဏီက ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ကို တရားစွဲမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

“အခုလိုတွေ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ မတရားဖျက်သိမ်းခံထားရတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ဝန်ကြီးချုပ်ဆီကိုလည်း စာတင်ခဲ့တယ်။ ခုံရုံးဖွဲ့ပြီး ပြန်စစ်ဆေးပေးပါလို့ တောင်းဆိုခဲ့တာကို ဂရုမစိုက်သလိုဖြစ်နေတယ်”ဟု ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ယာဉ်လိုင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဖိုးစံက ဆိုသည်။

ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ခရီးသည်များကို ဝန်ဆောင်မှု မပေးနိုင်ခြင်း၊ တိုင်ကြားစာများပြားခြင်း၊ ယာဉ်လုပ်သားများ ယာဉ်စည်းကမ်းချိုး ဖောက်မူများခြင်း၊YRTA ၏ ခွင့်ပြုချက်မရှိဘဲ ယာဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းနှင့် ခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲခြင်းတို့ကြောင့် Bus Operator တာဝန်ကို YRTA က ရပ်စဲခဲ့သည်။

အဆိုပါရပ်စဲခြင်းသည် မတရားသဖြင့် အာဏာရှင်ဆန်ဆန် ဆုံးဖြတ်ဆောင်ရွက်ခြင်းဟု ယူဆပြီး ကုမ္ပဏီအနေနှင့် တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်းသာ လုပ်ကိုင်ခဲ့ခြင်းကြောင့် ပြန်လည်စစ်ဆေးပေးရန် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးကို စာတင်ခဲ့ကြောင်း ဦးဖိုးစံက ပြောကြားသည်။

“ကော်မရှင်ရုံးကို ဖေဖော်ဝါရီ ပထမအပတ်မှာ ထပ်တင်မယ်။ YRTA က ဘာမှမဖြေရှင်းဘူးဆိုရင်တော့ တတိယအပတ်လောက်မှာ ပုဒ်မ ၈ (စ)၊ (ဆ) နဲ့ ပုဒ်မ ၉ အရ တရားစွဲမယ်”ဟု ၎င်းက ဆိုသည်။

Bus Operator အဖြစ်မှ ဖျက်သိမ်းခံရသည့် ကုမ္ပဏီအနေနှင့် မည်သို့ပင် ပြောဆို၊ ဆောင်ရွက်နေစေကာမူ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်းမည် မဟုတ်ဘဲ အပြစ်ပေးထားခြင်းကို ဖျက်သိမ်းမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

အခန်း ၄၊ ပုဒ်မ ၈-(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စရပ်များတွင် အဓမ္မဝင်ရောက် စွက်ဖက်ခြင်း (သို့မဟုတ်) လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း (သို့မဟုတ်) ထိခိုက်စေရန် တစ်နည်းနည်းဖြစ်စေ ဆောင်ရွက်ခြင်းမပြုရ၊ (ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုလည်းကောင်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုလည်းကောင်း မတရားသိမ်းယူခြင်း (သို့မဟုတ်) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

ပုဒ်မ ၉ မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ၎င်း ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၅၄ အညီ အရေးယူဆောင်ရွက်ရမည်ဟု ပါရှိသည်။

အဆိုပါ ပုဒ်မ ၈ (စ)၊ (ဆ) တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံးခြောက်လမှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ပြီး ပုဒ်မ ၉ ပါ တာဝန်ကို ဆောင်ရွက်ရန် အကြောင်းမဲ့ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံးတစ်နှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအရ သိရသည်။

ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီသည် YBS ၁၊ ၉၊ ၁၆၊ ၂၂၊ ၄၁၊ ၃၃ ယာဉ်လိုင်းတို့ကို တာဝန်ယူပြေးဆွဲခဲ့ပြီး ရှယ်ယာဝင်ယာဉ်စီးရေ ၅၇၀ စီးကျော်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။  
J-06



FOLLOW US