News

30-Jan-2018

ရန်ကုန် YBS
YBPC ကုမ္ပဏီက ယာဉ်လိုင်းနှစ်လိုင်း တိုးချဲ့ပြေးဆွဲ
ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC သည် ယာဉ်လိုင်းလေးလိုင်းကို တာဝန်ယူပြေးဆွဲနေရာမှ ယာဉ်လိုင်းသစ် နှစ်လိုင်းကို ဇန်နဝါရီလ နောက်ဆုံးပတ်က ထပ်မံတိုးချဲ့ပြေးဆွဲခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“ပထမက ၃၇ ယာဉ်လိုင်းကိုပဲ လမ်းကြောင်းသုံးကြောင်းနဲ့ ပြေးခဲ့တာ။ နောက်ပိုင်းမှာခရီးသည်တွေရဲ့ လိုအပ်ချက်အရ ၈၇၊ ၈၈ ကို ပြေးခဲ့တယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ၄၃ ယာဉ် လိုင်းကို ထပ်တိုးပြေးခဲ့တယ်”ဟု YBPC ကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် YBS ၆၂၊ ၇၂ ယာဉ်လိုင်းနှစ်လိုင်းကို တိုးချဲ့ပြေးဆွဲခဲ့ပြီး ယာဉ်သစ် ၄၀ စီးဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်နေပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

“၇၂ ယာဉ်လိုင်းမှာဆိုရင် ယာဉ်စီးရေ ၂၀ နဲ့ ပြေးတာပါ။ နှစ်လိုင်းစလုံးက Yutong နဲ့ Ankai ယာဉ်အမျိုးအစားတွေ”ဟု ၎င်းက ဆိုသည်။

YBS ၆၂ ယာဉ်လိုင်းမှာ ဒဂုံတက္ကသိုလ်၊ အထက်ကြည့်မြင်တိုင်လမ်း၊ ပြည်ထောင်စုလမ်း၊ လေးဒေါင့်ကန်လမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေဂုံတိုင်၊ ဓမ္မစေတီလမ်း၊ မြေနီကုန်း၊ ဗားကရာလမ်း၊ အောက်ကြည့်မြင်တိုင် ကမ်းနားလမ်း ခရီးစဉ်ကို ပြေးဆွဲခြင်းဖြစ်သည်။

YBS ၇၂ ယာဉ်လိုင်းမှာ သာကေတ (ဧရာဝဏ်လမ်း)၊ ၁၀ ရပ်ကွက်ဈေး၊ (အဝိုင်း)၊ ရှုခင်းသာ၊ ခိုင်ရွှေဝါလမ်း၊ မင်းနန္ဒာလမ်း၊ တံတားဟောင်း၊ အထက်တန်း ABC၊ သမိန်ဗရမ်းလမ်း၊ တာမွေ၊ ကျိုက္ကဆံလမ်း (အလုပ်သမားဆေးရုံ)၊ ကျောက်မြောင်း၊ ယုဇန၊ ဗညားဒလလမ်း၊ ဒေါ်သိန်းတင်လမ်း၊ အထက်ပန်းဆိုးတန်း၊ အနော်ရထားလမ်း၊ ဆူးလေခရီးစဉ်တို့ကို ပြေးဆွဲခြင်းဖြစ်သည်။

လက်ရှိ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC လက်အောက်တွင် YBS ၃၇၊ ၈၇၊ ၈၈၊ ၄၃၊ ၆၂၊ ၇၂ ယာဉ်လိုင်း ခြောက်လိုင်း ပြေးဆွဲလျက်ရှိပြီး ယာဉ်စီးရေ ၄၀၀ စီးဖြင့် ခရီးသည် ပို့ဆောင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06



FOLLOW US