News

21-Jan-2018

YBS
လူထုမိတ်ဆွေကုမ္ပဏီက YBS ၇၈၊ ၉၃ ယာဉ်လိုင်း ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြေးဆွဲမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

လူထုမိတ်ဆွေကုမ္ပဏီ လက်အောက်တွင် ပြေးဆွဲရန် တိုင်းအစိုးရအဖွဲ့ကို တင်ပြထားသည့် ယာဉ်လိုင်းကိုးလိုင်းအနက် YBS ၇၈၊ ၉၃ ယာဉ်လိုင်းကို ဖေဖော်ဝါရီ လဆန်းပိုင်တွင် တရုတ်ယာဉ်အသစ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“ယာဉ်တွေ အဆင်သင့်ရှိနေပါပြီ။ ယာဉ်မောင်းလည်း ခန့်ထားတယ်။ လုပ်ငန်းတချို့ မပြတ်သေးလို့ နောက်လဆန်းထဲ စပြေးနိုင်မယ်လို့ လျာထားတယ်”ဟု လူထုမိတ်ဆွေကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးတရုတ်လေးက ဆိုသည်။

အဆိုပါယာဉ်လိုင်း နှစ်လိုင်းပြေးဆွဲရန် ယာဉ်ရပ်နားကွင်းအတွက် နေရာများ စီမံလျက်ရှိပြီး တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုနေရာပေါ် မူတည်ပြီး ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လူထုမိတ်ဆွေကုမ္ပဏီကို Power Eleven ကုမ္ပဏီနှင့် Aung Myin Thu Group ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး တရုတ်ယာဉ်သစ် ၅၀၀ စီးဖြင့် ယာဉ်လိုင်းကိုးလိုင်း ပြေးဆွဲရန် ဒီဇင်ဘာလ ပထမအပတ်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ကို တင်ပြခဲ့ခြင်းဖြစ်သည်။

“အောင်မြင်သူကုမ္ပဏီက ရန်ကုန်မှာ ဘတ်စ်ကားလိုင်းလည်း ပြေးဆွဲဖူးခြင်းမရှိတဲ့ သီးခြားကုမ္ပဏီတစ်ခုပါ။ Max Myanmar ဦးဇော်ဇော်ကုမ္ပဏီနဲ့ လုံးဝ မဆိုင်ပါဘူး။ ဧရာဝတီဘဏ်နဲ့ ဘဏ်လုပ် ငန်းပိုင်းကိုပဲ ချိတ်ဆက်လုပ်ကိုင်တာပါ” ဟု ဦးတရုတ်လေးက ဆိုသည်။

YBS ၇၈ ယာဉ်လိုင်းအနေနှင့် ယာဉ်စီးရေ ၅၀ စီးဖြင့် လှော်ကား (လိပ်ကုန်း)၊ ကွန်ပျူတာတက္ကသိုလ်၊ တညင်းကုန်း၊ အင်းစိန်ပန်းခြံ၊ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်း၊ မဟာဗန္ဓုလ၊ ဆူးလေ၊ ရန်ကုန် ဘူတာကြီး၊ အနော်ရထာလမ်း၊ စံပြတို့ကို ပြေးဆွဲမည်ဖြစ်သည်။

YBS ၉၃ ယာဉ်လိုင်းအနေနှင့် ယာဉ်စီးရေ ၅၀ စီးဖြင့် အနောက်ပိုင်း တက္ကသိုလ်၊ တညင်းကုန်းလမ်းဆုံ၊ အမှတ် ၃ လမ်း၊ မြောက်ဥက္ကလာပအဝိုင်း၊ Gandamar Wholesale၊ ဝေဇယန္တာလမ်း၊ အသင်းတိုက်၊ ကြက်ဘဲဈေး၊ ABC၊ ပုဇွန်တောင်ဈေး၊ လမ်း ၅၀၊ အနော်ရထာလမ်း၊ ရန်ကုန်ဘူတာကြီးတို့ကို ပြေးဆွဲမည်ဖြစ်သည်။

“ယာဉ်လိုင်းနံပါတ်က ပြေးဆွဲတာ ရပ်နားထားတဲ့ အဟောင်းရော၊ အသစ်ရော ပါတယ်။ နောက်ယာဉ်လိုင်းနံပါတ် အတိအကျတော့ YRTA က ခွင့်ပြုချက်အပေါ် မူတည်တယ်။ ခရီးစဉ်လမ်းကြောင်းရောပေါ့”ဟု ၎င်းကဆိုသည်။

တာဝန်ခံ ယာဉ်လိုင်းကုမ္ပဏီများ အနေနှင့် ယာဉ်လိုင်း အသစ်လျှောက်ထားရာတွင် ခရီးစဉ်ယာဉ်လမ်းကြောင်း ၃၀ ရာခိုင်နှုန်းခန့်သာ တူပါက လက်ခံစဉ်းစားမည်ဖြစ်ပြီး ၅၀ ရာခိုင်နှုန်းတူလျှင် လုံးဝ လက်ခံမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ယာဉ်လိုင်းကိုးလိုင်းတောင်းတာ လိုင်းနှစ်လိုင်းကို ခွင့်ပြုချက်ပေးပြီးပြီ။ ကျန်ခုနစ်လိုင်းကို လမ်းကြောင်းတွေကို ထပ်စစ်ဆေးနေတယ်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက တောင်းဆိုတဲ့ နှစ်လိုင်းကိုလည်း စစ်ဆေးနေတုန်းပဲ”ဟု ၎င်းကဆိုသည်။

Aung Myin Thu Group ကုမ္ပဏီမှာ ယခင်က မန္တလေးတွင် ဘတ်စ်ကားလိုင်းအဖြစ် လုပ်ဆောင်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်းတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို တာဝန်ယူ ပြေးဆွဲခြင်း မရှိသေးကြောင်း လူထုမိတ်ဆွေကုမ္ပဏီထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ ယာဉ်လိုင်း ၆၀ မှ ၉၃ လိုင်းအထိ တိုးမြင့်လာခဲ့ပြီး ယာဉ်စီးရေ ၄၀၀၀ စီးကျော်မှ ၅၃၁၉ စီးအထိ တိုးလာခဲ့ပြီးဖြစ်ကြောင်း YRTA ထံမှ သိရသည်။

J-06



FOLLOW US