News

15-Jan-2018

ရန်ကုန် YBS
ရန်ကုန်ဘတ်စ်ကား ခေါက်ရေမှတ်တမ်းကို အွန်လိုင်းမှကောက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၁၄

တိုင်းအစိုးရအဖွဲ့အနေနှင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် နေ့စဉ်ပြေးဆွဲသည့် အခေါက်ရေအတွက် ခရီးစဉ်မှတ်တမ်း (ဝေလ်ဘယ်) တင်ရာတွင် အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။

“ဒီစနစ်ကို E-Way Bill စနစ် ကျင့်သုံးတယ်လို့ ခေါ်တယ်။ ယာဉ်မောင်းသူနဲ့ ယာဉ်လမ်းကြောင်းကို QR ကုတ်နဲ့ မှတ်တမ်းတင်ထားမယ်။ ယာဉ်တစ်စီးရဲ့ ခေါက်ရေ အမှန်တိုင်းသိရှိပြီးတော့ ငွေကြေးလိမ်လည်မှုကအစ ကင်းနိုင်မယ်”ဟု YUPT ကုမ္ပဏီထံမှ တာဝန်ရှိသူက ဆိုသည်။

YBS ယာဉ်လိုင်းတွင် မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်များကို တစ်ရက်တာမောင်းနှင်သည့် အခေါက်ရေ၊ ယာဉ်မောင်းအမည်၊ ယာဉ်လိုင်းနှင့် ခရီးစဉ်လမ်းကြောင်းကို မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ယာဉ်တစ်စီး၏ ဂိတ်စမှဂိတ်ဆုံးအထိ လမ်းခရီးကြာချိန်၊ ရပ်နားသည့် အကြောင်းအရင်းများကို အဆိုပါစနစ်က အတိအကျ ဖော်ပြပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“တိုင်းအစိုးရအဖွဲ့က လိုအပ်တဲ့စက်ပစ္စည်းတွေကို ဝယ်ယူနေပါပြီ။ ဘယ်လို အသုံးပြုရမယ်ဆိုတာကို သင်တန်းပေးရဦးမှာပါ။ ဒီစနစ်ကို မကြာခင်ဆောင်ရွက်မှာပါ။ ပထမဆုံး YBS ၃၆ ယာဉ်လိုင်းကို အသုံးပြုမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရအဖွဲ့က ခရီးစဉ်မှတ်တမ်းတင်ခြင်း E-Way Bill စနစ်ကို ဦးဆောင်၍ စီစဉ်သော်လည်း ယာဉ်လိုင်းကုမ္ပဏီအနေနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အဆင်ပြေရန် လက်ရှိယာဉ်လိုင်း ဂိတ်များတွင် စာရွက်စာတမ်းဖြင့် ခရီးစဉ်မှတ်တမ်းတင်ခြင်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နှစ်မျိုးလုပ်မှာပေါ့။ တိုင်းအစိုးရက မှတ်တမ်းယူထားရုံနဲ့ မပြီးဘူးလေ။ ကိုယ့်ယာဉ်လိုင်းက ဘယ်အချိန် ဂိတ်ရောက်တယ်။ ဘယ်နှခေါက် ပြေးခဲ့တယ်ဆိုတာ သိထားမှ ငွေတွက်လို့ရမှာပေါ့”ဟု ၎င်းက ဆိုသည်။

ယခင် မထသစနစ်က ခရီးသည်တင်ယာဉ်များ ခရီးစဉ်ပြေးဆွဲမှုများကို သိရှိနိုင်ရန်နှင့်တစ်ရက်လျှင် ခရီးသည်တင် ယာဉ်တစ်စီး စီအန်ဂျီမည်မျှ သုံးစွဲသည်ကို တွက်ချက်နိုင်ရန် ခရီးစဉ်မှတ်တမ်းယူခြင်းကို ဆောင်ရွက်ခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ယာဉ်လိုင်း ၉၂ လိုင်းကျော်ရှိပြီး ယာဉ်စီးရေ ၄၀၀၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

J-06



FOLLOW US