News

မော်စကို မြေအောက်ရထားလမ်းအဝင်တွင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွား၊ လေးဦးသေဆုံး

မော်စကို၊ ဒီဇင်ဘာ ၂၆

မော်စကိုတွင် မြေအောက်ရထားလမ်းသို့ ဝင်ခါနီးနေရာတွင် ဘတ်စ်ကားတစ်စင်း လမ်းချော်တိမ်းမှောက်မှုကြောင့် လေးဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ရုရှားအာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သတင်းဗီဒီယိုများတွင် လိုဏ်ခေါင်းခေါင်မိုးနှင့်တိုက်ကာ ရပ်မသွားမီအထိ လှေကားထစ်များအတိုင်း ဘတ်စ်ကားလိမ့်သွားသောကြောင့် လူများထွက်ပြေးနေကြသည်ကို တွေ့မြင်ရသည်။

ဆလာဗင်ဆကီဘော်လီဗတ် ဘူတာရုံအနီးတွင် ဖြစ်ပွားသော ဖြစ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟူသော အထောက်အထား မရှိပေ။ ဘတ်စ်ကားသည် ရုတ်တရက် လိမ့်ထွက်သွားခြင်းဖြစ်ပြီး ဘရိတ်များကို အသုံးပြု၍မရဟု ယာဉ်မောင်းသူက ထွက်ဆိုထားကြောင်း ရဲများက ပြောကြားသည်။

သေဆုံးသူ လေးဦးစလုံးမှာ လူသွားလမ်းပေါ်သို့ ဘတ်စ်ကားတက်လာကာ မြေအောက်ရထားလမ်းသို့ဆင်းသည့် လှေကားထစ်များအတိုင်း လိမ့်ဆင်းမသွားမီ ရပ်ကြည့်နေသူများဖြစ်ပြီး ဘတ်စ်ကား အတိုက်ခံရခြင်းဖြစ်သည်ဟု သိရှိရသည်။

သေဆုံးသူများထဲတွင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ဆယ်ကျော်သက် အရွယ်တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူများအနက်မှ နှစ်ဦးမှာစိုးရိမ်ရသော အခြေအနေတွင်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ယင်းဘတ်စ်ကား၏ သက်တမ်းမှာ တစ်နှစ်ပင် မပြည့်သေးဟု ရုရှား interfax သတင်းက ထုတ်ပြန်သည်။ မြို့တော်ဝန် ဆာဂျီဆိုဘရာနင်ကလည်း မော်စကို ဘတ်စ်ကားတစ်အုပ်လုံးကို စစ်ဆေးရန် ညွှန်ကြားထားသည်ဟု ပြောကြားသည်။

သေဆုံးသူများမှာ ဘတ်စ်ကားလမ်းချော်ချိန်တွင် ကားထဲတွင် ရှိနေသလားဆိုသည်ကိုမူ မသိရသေးပေ။  ရုပ်သံမှ ထုတ်လွှင့်ပြသသော လုံခြုံရေး ကင်မရာမှတ်တမ်းများတွင် မြေအောက် ရထားလမ်းအဆင်း လှေကားထစ်များအတိုင်း လိမ့်ဆင်းသွားသော ဘတ်စ်ကားက တိုက်မိခဲ့သည့် လူအရေအတွက်ကို ပြသနေသည်။

အဆိုပါ ဘတ်စ်ကားမောင်းသူကို ရဲဌာနက ဖမ်းဆီးထားသည်။ ၂၀၁၄ ဇူလိုင်လကလည်း အဆိုပါ ဘူတာရုံအနီးတွင် ရထားတစ်စင်း လမ်းချော်မှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။   

F-04



FOLLOW US