News

14-Aug-2017

အမျိုးသမီး YBS
အမျိုးသမီးယာဉ်မောင်း အကြွေလိုအပ်ချက်နှင့် ကတ်စနစ် နီးလာသည့် YBS
လာမည့်ဩဂုတ်လ ၁၆ ရက်နေ့ဆိုလျှင် YBS စနစ်စတင်ခဲ့သည်မှာ ခုနစ်လ ပြည်တော့မည်။ သို့သော် ယနေ့အထိ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရဆဲပင် ဖြစ်သည်။ နိစ္စဓူဝ သူ့ကိုမှီခိုနေရသူ အများစုကလည်း ယနေ့အချိန်အထိ သူ့အပေါ် အမြင်မကြည်လင်နိုင်သေး။ အခြားတစ်ဖက်တွင်လည်း YRTA က တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားနေသော်လည်း ရှေ့ကလက်နှင့် ရေးသည်ကို နောက်ကခြေနှင့် ဖျက်သည့်ပုံစံမျိုးများ ကြုံတွေ့နေရသည်။ စနစ်ဟောင်း လက်ကျန်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်တို့ကလည်း နောက်ဆုံး ထွက်သက်မတိုင်ခင်အထိ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို ကောင်းလာတော့မလိုလိုနှင့် တစ်ခုမဟုတ် တစ်ခုတော့ ထထဖောက်တတ်စမြဲပင် ရှိနေသေးသည်။ လွန်ခဲ့သည့်လက YBS ယာဉ်လိုင်း အချင်းချင်းကြား တိုက်ခိုက်တိမ်းမှောက်မှု ဖြစ်သွားသည်။ လူ့အသက် အတော်များများ ပေးလိုက်ရသည်။ ယာဉ်မောင်းလည်း သူ့ကိစ္စနှင့်သူ ပြီးပြတ်သွားသဖြင့် အမှုမှာ နိဋ္ဌိတံသွားသည်။ သို့သော် သိပ်မကြာ၊ ငြိမ်သက်နေရာက ယာဉ်နောက်လိုက် မိန်းမငယ်တစ်ယောက်က တစ်စခန်းထ လာပြန်သည်။ ဒီလိုနှင့် YBS နာမည်ပျက်ရပြန်သည်။

YBS သတင်းနှင့်ပတ်သက်၍ ဖြစ်ဖြစ်ခဲ့သမျှကို နောက်ကြောင်းကောက်ရလျှင် သူစီစဉ်ခဲ့သည့်လမ်းကြောင်းများကိစ္စ၊ ယာဉ်များကိစ္စနှင့် ယာဉ်စီးနင်းခများက YBS နှင့်ခရီးသည်တို့အကြား ပြဿနာမဟုတ်။ ခေတ်ပြောင်း စနစ်ပြောင်းမှုအပေါ် သူတို့ နားလည် လက်ခံနိုင်သေးသည်။ ဖြစ်နေသည်က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ရိုင်းပျမှုပြဿနာပင်ဖြစ်သည်။ သူတို့ စည်းကမ်းဖောက်ကာ သတ်မှတ်လမ်းကြောင်း မပြေးဆွဲခြင်း၊ ည ၆ နာရီကျော်လျှင် မလာတော့ခြင်း၊ ခေါက်တိုဆွဲခြင်း၊ ပြိုင်မောင်းခြင်း၊ နှမချင်း မစာနာ ရိသဲ့သဲ့ပြောခြင်း စသည့်အသံတို့ဖြင့်သာ ဆူညံနေခဲ့သည်။ ထိုဆူညံသံများကပင် YBS ကို အရိပ်မည်းကြီး ဖြစ်စေခဲ့သည်။ သူ့ပုံရိပ်ကို ထိခိုက်ခဲ့သည်။

သို့သော် သူကတော့ အပြုံးမပျက်၊ ဆက်လက် ချီတက်မြဲပင်ဖြစ်သည်။ စတင် ပြောင်းလဲစဉ်ကတည်းကလည်း တစ်ဆင့်ချင်း သွားမည်ဟု စီမံချက် ချထားဟန်တူသည်။ ပထမ ယာဉ်လိုင်းများကို တူရာတူရာစုပြီး စပြေးဆွဲသည်။ နောက်ယာဉ်အိုယာဉ်ဟောင်းများကို တစ်ရစ်ချင်း လဲထုတ်သည်။ ယာဉ်နောက်လိုက်များကို ဖယ်ရှားပြီး ငွေထည့်သည့်ပုံး ထားပေးသည့်စနစ်ကို ထွင်ပေးပြန်သည်။ သူ့အစီအစဉ်များက တစ်ခုချင်း ရှေ့သို့သာ တိုးနေစမြဲ။ ခက်နေသည်က ယာဉ်မောင်း ပြဿနာ။ ယခုရောက်ရှိနေသည့် ယာဉ်အသစ် ၂၆၀ဝ ကျော်တွင် ၅၀ဝ ကျော်ကို ယာဉ်အိုယာဉ်ဟောင်း လိုင်းဟောင်းတို့တွင် အစားထိုး ဖြည့်ဆည်း ပြေးဆွဲစေပြီး နောက်ပိုင်း ကျန်ရှိသည့်ယာဉ်ပေါင်း ၂၀ဝ၀ ကျော်အတွက် မောင်းနှင်မည့်သူ လိုလာတော့သည်။

ယခင်က ရှိခဲ့သည့် ယာဉ်အိုယာဉ်ဟောင်းများကို တစ်ရောင်တည်း ယာဉ်များဖြင့် လဲလှယ်ပြေးဆွဲရန် စီစဉ်သည့်အခါ သူ့တွင် ယခုကဲ့သို့ ယာဉ်မောင်းပြဿနာနှင့် ကြုံရတော့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် YBS ယာဉ် ၁၀ဝ၀ ကျော်နှင့် ပုဂ္ဂလိက ကုမ္ပဏီက မှာယူတင်သွင်းထားသော YBS ဘတ်စ်ကားအသစ် ၁၆၀ဝ တို့ကို မောင်းနှင်ရန် ယာဉ်မောင်း လိုအပ်ချက် မြင့်မားနေခြင်းကြောင့် အမျိုးသားများ သာမက အမျိုးသမီးများလည်း လျှောက်ထားနိုင်ကြောင်း၊ ယာဉ်မောင်းအဖြစ် လာရောက် လျှောက်ထားပါက အရည်အချင်း စစ်ဆေးခြင်းနှင့် လိုအပ်သည့် ယာဉ်မောင်းသင်တန်းများ ပေးရန် ရှိနေသေးကြောင်း YRTA မှ တာဝန်ရှိသူ ဒေါက်တာ မောင်အောင်က ဆိုသည်။ အမျိုးသမီးများမှာ စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်းလည်း ကြားရပြန်သည်။ YBS ဘတ်စ်ကားစနစ်တွင် Power Eleven ကုမ္ပဏီက ပြေးဆွဲနေသည့် ၂၁ ယာဉ်လိုင်း၌ အမျိုးသမီး ယာဉ်မောင်းတစ်ဦးသာ လုပ်ကိုင်လျက် ရှိနေသေးကြောင်းလည်း သိရသည်။  

သူ့အတွက် နောက်ထပ် ခြေလှမ်းတစ်ရပ်မှာ ယာဉ်စီးခကို ငွေထည့်ပုံးထဲသို့ ထည့်သောစနစ်အစား ကတ်စနစ်ဖြင့် ပြောင်းလဲနိုင်ရန် လုပ်ကိုင်လိုသည့်ကုမ္ပဏီကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဩဂုတ် ၉ ရက်တွင် တင်ဒါခေါ်ယူခဲ့သည့်ကိစ္စဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) မှ ဘတ်စ်ကားများတွင် ကတ်စနစ် လုပ်ဆောင်ရန် Yangon Payment Service (YPS) ကို ပထမအဆင့် တင်ဒါခေါ်ယူခြင်း ဖြစ်သည်ဟု ဆိုသည်။ တင်ဒါ ပထမအဆင့် အဆိုပြုလွှာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဩဂုတ် ၉ ရက်က စတင် ရောင်းချနေပြီး တင်ဒါ တင်သွင်းသူများသည် ဩဂုတ် ၁၅ ရက်တွင် ရွေးချယ်ရေးအဖွဲ့သို့ လာရောက် ရှင်းပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“YBS ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေခြင်းလုပ်ငန်းအတွက် လိုအပ်သည့် Card Issuing လုပ်ငန်း၊ Card Acquiring လုပ်ငန်းနှင့် Cards Top up agent လုပ်ငန်း သုံးမျိုးကို တင်ဒါအောင်သည့် ကုမ္ပဏီက လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ YBS ဘတ်စ်ကားလိုင်းစနစ်တွင် ယာဉ်နောက်လိုက်နေရာ၌ ငွေထည့်သည့်ပုံး (Cash Box) စနစ်သို့ ပြောင်းလဲထားပြီး ဖြစ်သော်လည်း ယာဉ်အချို့၌ ယာဉ်နောက်လိုက်များ ပါရှိနေဆဲဖြစ်ကြောင်း၊ ထို့အပြင် Cash Box စနစ်ကြောင့် လက်ရှိတွင် ခရီးသွားများ ငွေအကြွေပြဿနာ ဖြစ်ပေါ်နေသဖြင့် ကတ်စနစ်သို့ အမြန်ဆုံး ပြောင်းလဲရန်လိုကြောင်း” ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုထားသည်။ ထို့အတွက် ယခုကဲ့သို့ ပြင်ဆင်နေခြင်းဖြစ်သည်။ ကတ်စနစ် ပြောင်းလဲရေးနှင့်ပတ်သက်၍ YBS ဘတ်စ်ကားစနစ်တွင် အများစုသည် ကုမ္ပဏီများက ပါဝင်ပြေးဆွဲနေသော ကားလိုင်းများဖြစ်၍ ကတ်စနစ်ဖြင့် ပြောင်းလဲရန် အခက်အခဲ မရှိနိုင်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုထားသည်။

ယခုလက်ရှိအချိန်ထိ YBS ဘတ်စ်ကားစနစ်ဖြင့် ဇန်နဝါရီ ၁၆ ရက်က စတင် ပြေးဆွဲပြီး လက်ရှိတွင် ဘတ်စ်ကားလိုင်း ၈၀ ခန့်က ကား ၄,ဝ၀ဝ ခန့်ဖြင့် ပြေးဆွဲနေသည်။ YBS ဘတ်စ်ကား စီးရာတွင် ငွေအကြွေမရှိပါက အခက်အခဲ ကြုံတွေ့နေရသဖြင့် အကြွေလဲလိုသူများ YUPT ရုံးချုပ်တွင် အပိုကြေးပေးရန်မလိုဘဲ လဲလှယ်နိုင်ဟု ကြေညာထားသည်ကို တွေ့ရသည်။

“ကျွန်တော်တို့ ကားလိုင်းတွေကနေ တစ်ရက်ကို သိန်းခြောက်ရာ လောက် အကြွေဝင်တယ်။ အဲဒီအကြွေတွေကို လိုတဲ့သူတွေကို အကုန် ပြန်လဲပေးနေတာ ဖြစ်ပါတယ်။ ဘာအပိုကြေးမှ မယူပါဘူး။ အကြွေလဲချင်တဲ့သူကတော့ အရင်လျှောက်လွှာတင်ရပါမယ်။ တင်တဲ့လျှောက်လွှာတွေကိုကြည့်ပြီး ရှိတဲ့ငွေနဲ့ အချိုးကျ ပြန်တွက်ပြီး လဲပေးတာပါ”ဟု YUPT ကုမ္ပဏီ CEO ဦးမောင်မောင်လွင်က ဆိုသည်။ သို့သော် ယင်းကုမ္ပဏီသို့ နီးစပ်ရာဈေးများ၊ စီးတီးမတ် ဈေးဝယ်စင်တာများနှင့် ဘဏ်အချို့ကပါ လာရောက် အကြွေလဲလှယ်မှုများ ရှိနေပြီး တစ်ဦးလျှင် ကျပ်တစ်သိန်းခန့်မှ ကျပ်သိန်းတစ်ရာခန့်အထိ လာရောက် လဲလှယ်ခြင်းများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ၎င်းတို့ထံမှ ကုမ္ပဏီဝန်ထမ်း အချို့ကလည်း လွန်ခဲ့သည့် တစ်လကျော်ကစ၍ ညနေခင်းများတွင် ဘတ်စ်ကား မှတ်တိုင်များ၌ ခရီးသည်များကို တစ်ရက်လျှင် ကျပ်သိန်း ၇၀ ဖိုးအထိ အကြွေလိုက်လံလဲပေးနေကြောင်း သတင်းရရှိသည်။ လက်ရှိ YBS ယာဉ်လိုင်းများတွင် ယာဉ်နောက်လိုက် မပါရှိတော့ခြင်း၊ ယာဉ်အကူအဖြစ် ဆက်လက်ပါရှိနေသော်လည်း ယာဉ်စီးခကို ကောက်ယူ ကိုင်ဆောင်ခွင့်မပြုဘဲ ခရီးသည်ကိုယ်တိုင် ငွေထည့်ပုံး (Cash Box) အတွင်း ကိုယ်တိုင်ထည့်၍ စီးနင်းရခြင်းကြောင့် အကြွေရှားပါးလာကြောင်း ခရီးသည်များက ပြောခဲ့ကြသည်။

ထို့ကြောင့် YBS ယာဉ်လိုင်းအချို့က ငွေစက္ကူ အကြွေများကို ကျသင့်တန်ဖိုးထက် ပိုသောနှုန်းဖြင့် ပြန်လည်ရောင်းချသည့် ဈေးကွက်အသစ် ဖြစ်ပေါ်နေကြောင်းလည်း ယာဉ်လိုင်းအချို့မှ တာဝန်ရှိသူများနှင့် ယာဉ်လုပ်သားအချို့က ပြောသည်။ “တချို့တွေက ၂၀ဝ တန်အရွက်ရေ တစ်ရာဆိုရင် ဘယ်လောက်၊ ၁၀ဝ တန်အရွက်ရေ တစ်ရာဆိုပြီး လိုက်ဝယ်တာတွေ ရှိတယ်။ ဒါကိုပြန်ရောင်းတဲ့ယာဉ်လိုင်းတွေ၊ ယာဉ်ပိုင်ရှင်တွေလည်း ရှိတယ်။ ဈေးနှုန်းကတော့ အမျိုးမျိုး ကြားနေတယ်”ဟု YBS ၃၅ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်ကို သတင်းများတွင် ဖတ်ရပြန်သည်။

နိဂုံးချုပ်အားဖြင့် YBS အနေနှင့် လတ်တလော ရင်ဆိုင်နေရသည့် ယာဉ်မောင်း လိုအပ်ချက်၊ ကတ်စနစ်မသွားမီစပ်ကြား ကြုံတွေ့နေရသည့် အကြွေပြဿနာများ ရင်ဆိုင်ကျော်လွှားပြီး ကောင်းမွန်သည့် ခေတ်မီကတ်စနစ်ဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်တစ်ခုဆီကို ဖြောင့်ဖြောင့်တန်းတန်း ဦးတည်သွားနိုင်ရေးအတွက်ဆိုလျှင် ကျွန်ုပ်တို့ပြည်သူများကလည်း ဝိုင်းဝန်းကူညီကြရမည်သာ ဖြစ်သည်။ သို့အတွက် YRTA မှ တာဝန်ရှိသူများ ဖော်ဆောင်နေသည့် YBS စနစ် ယခုထက် ပိုမိုအောင်မြင်စေရေး ဝိုင်းဝန်း၊ ကျွန်ုပ်တို့ ခရီးသွားပြည်သူ အပေါင်းကလည်း ပြောင်းလဲမှု ရေစီးကြောင်းအတွင်း လိုက်ပါစီးမျှောရင်း ကူညီလုပ်ဆောင်ကြရမည် ဖြစ်သည်။ သို့မှသာ စနစ်တစ်ခုကို အောင်အောင်မြင်မြင် ပြောင်းလဲနိုင်မည်ဖြစ်ပြီး ခေတ်မီ စည်းကမ်းပြည့်ဝသည့် မြို့ပြစနစ်တစ်ခုဆီသို့ အခြားနိုင်ငံများနည်းတူ ချီတက် ပြောင်းလဲနိုင်မည်မှာ အမှန်ဖြစ်ပါကြောင်း စိတ်ကောင်း စေတနာဖြင့် ရေးသား တင်ပြလိုက်ရပါသည်။

အောင်ဇေယျ



FOLLOW US