News

27-Jan-2018

Tennis Australia Open Wozniacki
ကစားသမားဘ၀ဖြတ်သန်းမှု ပထမဆုံးသော ဂရင်းဆလင်းချန်ပီယံဆုကို ဝေါ့ဇ်နီယာကီ ဆွတ်ခူး

မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၇

ဒိန်းမတ်တင်းနစ်မယ် ဝေါ့ဇ်နီယာကီသည် သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်တစ်နေရာတွင် ရပ်တည်နေသော ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလက်ပ်ကို အနိုင်ယူကာ သူမ၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပထမဆုံးသော ဂရင်းဆလင်းချန်ပီယံဆုဖလားကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဝေါ့ဇ်နီယာကီသည် ပထမပွဲလတ်တွင် ဟာလက်ပ်ကို ၇-၆(၇-၂)ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲလတ်တွင် ၃-၆ ဖြင့် ပြန်လည်အရေးနိမ့်ခဲ့ခြင်းကြောင့် အဆုံးအဖြတ်ပွဲလတ် ဆက်လက်ယှဉ်ပြိုင်လိုက်ရကာ ယင်းအဆုံးအဖြတ်ပွဲလတ်တွင် ဝေါ့ဇ်နီယာကီက ၆-၄ ဖြင့် အနိုင်ယူပြီး ချန်ပီယံဖြစ်ခွင့်ကို ရသွားခဲ့ခြင်းဖြစ်သည်။

ဟာလက်ပ်သည် ဒုတိယပွဲလတ်ယှဉ်ပြိုင်ကစားနေစဉ်တွင် ချွေးထွက်လွန်ကာ သွေးပေါင်ကျဆင်းမှု ဖြစ်ပွားခဲ့ပြီး ဝေါ့ဇ်နီယာကီမှာလည်း အဆုံးအဖြတ်ပွဲလတ်ယှဉ်ပြိုင်နေချိန်တွင် ခြေထောက်ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ဆေးကုသမှု ခံယူလိုက်ရသေးသည်။

ဝေါ့ဇ်နီယာကီသည် ဟာလက်ပ်ကို အနိုင်ရကာ ဂရင်းဆလင်းချန်ပီယံဖြစ်ခွင့် ရလိုက်ပြီးချိန်တွင် ၀မ်းသာမျက်ရည်များကျဆင်းကာ ငိုကြွေးအောင်ပွဲခံခဲ့ပြီး များမကြာမီတွင် အသစ်ထုတ်ပြန်မည့် ကမ္ဘာ့အဆင့်ရပ်တည်မှုသစ်၌ ဝေါ့ဇ်နီယာကီမှာ ကမ္ဘာ့အဆင့်နှစ်နေရာမှနေ၍ တစ်နေရာသို့ တစ်ကျော့ပြန်လည်တက်လှမ်းရောက်ရှိလာတော့မည်လည်းဖြစ်သည်။

ဝေါ့ဇ်နီယာကီသည် ကမ္ဘာ့အဆင့်တစ်နေရာနှင့် ခြောက်နှစ်ကြာဝေးကွာနေခဲ့ပြီးသည့်နောက်တွင်မှ ယင်းနေရာသို့ တစ်ကျော့ပြန်လည် တက်လှမ်းနိုင်ခြင်း ဖြစ်လာလိမ့်မည်ဖြစ်ကာ ယင်းမှာ အမျိုးသမီးတင်းနစ်မယ်များ၏ကမ္ဘာ့အဆင့်ရပ်တည်မှု သမိုင်းကြောင်း၌ ကမ္ဘာ့အဆင့်တစ်ဖြစ်ခဲ့ဖူးသူ တင်းနစ်မယ်တစ်ဦးက ယင်းနေရာသို့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိရန် အရှည်ကြာဆုံးစံချိန်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ဝေါ့ဇ်နီယာကီနှင့် ဟာလက်ပ်တို့သည် ကမ္ဘာ့အဆင့်တစ်နေရာသို့ တက်ရောက်ရပ်တည်နိုင်သော်လည်း ဂရင်းဆလင်းချန်ပီယံဆု ရယူနိုင်ခြင်း မရှိခဲ့သောကြောင့်  သတင်းမီဒီယာများ၏ဝေဖန်ထောက်ပြခြင်းကို မကြာခဏ ရင်ဆိုင်ခဲ့ကြရဖူးပြီး လက်ရှိတွင် ယင်းမှတ်တမ်းဆိုးကို ဝေါ့ဇ်နီယာက ချေဖျက်ပြသွားနိုင်ခဲ့ပြီလည်းဖြစ်သည်။




FOLLOW US