News

သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆီမိုနာဟာလက်ပ်နှင့် ဝေါ့ဇ်နီယာကီတို့ ဆုံတွေ့

မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၅

ကမ္ဘာ့အဆင့်တစ်နေရာတွင် ရပ်တည်နေသည့် ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာ ဟာလက်ပ်နှင့် ဒိန်းမတ်တင်းနစ်မယ် ဝေါ့ဇ်နီယာကီတို့သည် သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်အဆင့်တွင် ပြိုင်ဘက်များကို အသီးသီး အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဝေါ့ဇ်နီယာကီသည် သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် နိုင်ခြေအဆင့်သတ်မှတ်ချက်မဲ့ တင်းနစ်မယ်တစ်ဦးဖြစ်သော ဘယ်လ်ဂျီယံတင်းနစ်မယ် အီလိုက်စ်မာတင်းစ်နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် ဝေါ့ဇ်နီယာကီက ၆-၃၊ ၇-၆(၇-၂)ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ယူကာ မာတင်းစ်ကို ကျော်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ဆီမိုနာဟာလက်ပ်သည် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရုရှားတင်းနစ်မယ် ရှာရာပိုဗာနှင့် အမေရိကန်တင်းနစ်မယ် မာဒီဆန်ကီးစ်တို့ကို အနိုင်ယူကျော်ဖြတ်လာခဲ့သည့် ဂျာမနီတင်းနစ်မယ် အန်ဂျလစ်ခါဘာနှင့် အားပြိုင်ခဲ့ရခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် အဆုံးအဖြတ်ပွဲလတ်တိုင်သည်အထိ ကစားပြီးသည့်နောက်တွင်မှ ဆီမိုနာဟာလက်ပ်က ၆-၃၊ ၄-၆၊ ၉-၇ ဖြင့် အောင်ပွဲခံသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဆီမိုနာဟာလက်ပ်သည် သူမ၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ ဒုတိယအကြိမ်မြောက်အဖြစ် တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်ပြီး ဝေါ့ဇ်နီယာကီကမူ သူမ၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဆီမိုနာဟာလက်ပ်နှင့် ဝေါ့ဇ်နီယာကီတို့သည် ဂရင်းဆလင်းပြိုင်ပွဲများတွင် ချန်ပီယံဆုရယူနိုင်ခြင်း မရှိဘဲနှင့် ကမ္ဘာ့အဆင့်တစ်နေရာကို ရယူနိုင်ခဲ့သော တင်းနစ်မယ်များဖြစ်ကြပြီး ယခုတစ်ကြိမ်တွင်မူ သူမတို့နှစ်ဦးအနက် တစ်ဦးက ယင်းမှတ်တမ်းဆိုးကို ချေဖျက်ကာ ဂရင်းဆလင်းချန်ပီယံဆုရှင်အဖြစ် သမိုင်းသစ်ရေးထိုးနိုင်တော့မည်ဖြစ်သည်။




FOLLOW US