News

နည်းပြသစ်ကိုသိရှိပြီးမှသာ ဝဲလ်ဘက်ခ်၊ ရမ်ဆေးနှင့် ပီတာချက်တို့ အနာဂတ်ကို ဆုံးဖြတ်မည်

လန်ဒန်၊ ဧပြီ ၂၄

အာဆင်နယ်အသင်း၏အဓိကကစားသမားများဖြစ်ကြသော တိုက်စစ်မှူး ဝဲလ်ဘက်ခ်၊ ကွင်းလယ်လူ ရမ်ဆေးနှင့် ဂိုးသမား ပီတာချက်တို့သည် နည်းပြသစ်ကို သိရှိပြီးမှသာလျှင် ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို အသိပေးထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ဝဲလ်ဘက်ခ်၊ ရမ်ဆေးနှင့် ပီတာချက်တို့သည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ အသင်းဒါရိုက်တာဘုတ်အဖွဲ့က ယင်းကစားသမားသုံးဦးလုံးကို စာချုပ်သစ်များ အသီးသီးချုပ်ဆို၍ အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဆန္ဒရှိသော်လည်း ကာယကံရှင်ကစားသမားများကမူ အာစင်ဝင်းဂါး၏နေရာကို အစားဝင်ရောက်လာမည့် နည်းပြသစ်မှာ ထိပ်တန်းအဆင့်နည်းပြမျိုး မဟုတ်ခဲ့ပါက အာဆင်နယ်ကိုစွန့်ခွာ၍ အသင်းပြောင်းမည့်အခြေအနေရှိနေကြသည်။

အာဆင်နယ်သည် အာစင်ဝင်းဂါး၏နေရာကို အစားထိုးရန်အတွက် နည်းပြသစ်ရွေးချယ်ရာတွင် အခက်အခဲများနှင့် စတင်ရင်ဆိုင်နေရပြီဖြစ်ပြီး အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့၏ငွေကြေးထိန်းချုပ်ကန့်သတ်မှုဆိုင်ရာမူဝါဒကို သဘောမကျသည့်အတွက် အချို့သောထိပ်တန်းနည်းပြများက အာဆင်နယ်ကို တာဝန်ယူရန် တွန့်ဆုတ်နေကြပြီဖြစ်သည်။

ဝီလ်ရှိုင်းယားနှင့် ဘယ်လာရင်တို့သည်လည်း အသင်းဒါရိုက်တာဘုတ်အဖွဲ့က မည်သူ့ကို နည်းပြသစ်အဖြစ် ရွေးချယ်မည်ကို စောင့်ကြည့်မှုများရှိနေပြီး အနာဂတ်မရေရာမှုများရှိနေသည့် အာဆင်နယ်ကစားသမားများကို ခေါ်ယူရန်အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်များအပါအ၀င် ဥရောပထိပ်တန်းအသင်းကြီးများက ချဉ်းကပ်မှုများရှိနေကြပြီသည်။




FOLLOW US