News

ဘယ်လာရင်နှင့် ရမ်ဆေးတို့ အာဆင်နယ်တွင် ဆက်ရှိရန် မသေချာတော့၊ ကော့စီရယ်လ်နီ ဒဏ်ရာပြင်းထန်မည်ကို အာစင်ဝင်းဂါး စိုးရိမ်

လန်ဒန်၊ မတ် ၂၀

အာဆင်နယ်အသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အဓိကကစားသမားအချို့ကို လက်လွှတ်ရမည့် အခြေအနေများရှိနေပြီဖြစ်ကာ အာဆင်နယ်ကိုစွန့်ခွာရန် ပြင်ဆင်နေသည့်ကစားသမားများအနက်တွင် ဘယ်လာရင်နှင့် ရမ်ဆေးတို့လည်း ပါဝင်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အာဆင်နယ်ညာနောက်ခံလူ ဘယ်လာရင်သည် အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို လက်လွှတ်ဆုံးရှုံးခဲ့ရမည်ဆိုပါက အသင်းပြောင်းရွှေ့ခွင့်ရနိုင်ရန် ကြိုးပမ်းသွားတော့မည်ဖြစ်ပြီး ဘယ်လာရင်ကို ခေါ်ယူရန် စောင့်ကြည့်နေသောအသင်းများအနက်တွင် ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့အပြင် မန်ယူလည်း ပါဝင်လာခဲ့ပြီဖြစ်သည်။

မန်ယူသည် အသက်အရွယ်ရလာခဲ့ပြီဖြစ်သော ဗလင်စီယာ၏နေရာကို အစားဖြည့်ရန်အတွက် ဘယ်လာရင်ကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၄ သန်းဝန်းကျင် ရရှိနိုင်မည်ဆိုပါက အာဆင်နယ်မှာ ဘယ်လာရင်ကို လက်လွှတ်လိုက်ဖွယ်အခြေအနေများလည်း ရှိနေပြီဖြစ်သည်။

ရမ်ဆေးသည် နည်းပြ အာစင်ဝင်းဂါး၏လက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် မသေချာမှုများရှိလာသည့်အတွက် အသင်းပြောင်းရန် စိတ်ကူးလာခဲ့ခြင်းဖြစ်ပြီး ရမ်ဆေးကိုခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားနေသည်မှာ ချယ်လ်ဆီးဖြစ်သည်။

ချယ်လ်ဆီးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ဖာဘရီဂတ်စ်ကို လက်လွှတ်လိုက်ဖွယ်ရှိနေပြီဖြစ်ကာ လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ၀ယ်ယူခဲ့သော ဘာကာယိုကိုမှာလည်း အသင်းနှင့်အထိုင်မကျနိုင်ဖြစ်နေသည့်အတွက် ယင်းကွက်လပ်ကို အစားဖြည့်ရန် ချယ်လ်ဆီးက ရမ်ဆေးကို ခေါ်ယူလိုနေခြင်းဖြစ်သည်။

ရမ်ဆေးသည် အခြားသော အာဆင်နယ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ဝီလ်ရှိုင်းယားနည်းတူ အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို ငြင်းဆန်ပယ်ချထားပြီဖြစ်ပြီး ဘောလုံးရာသီပြီးဆုံးချိန်တွင် ၎င်း၏အနာဂတ်နှင့်စပ်လျဉ်း၍ နည်းပြအာစင်ဝင်းဂါးနှင့်တွေ့ဆုံကာ စကားပြောဆိုသွားမည်ဟု ရမ်ဆေးက အသိပေးထားပြီလည်းဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က အေစီမီလန်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ထိခိုက်ဒဏ်ရာရသွားခဲ့သော နောက်ခံလူ ကော့စီရယ်လ်နီ၏ဒဏ်ရာအခြေအနေ ပြင်းထန်မည်ကို စိုးရိမ်ပူပန်နေပြီး လက်ရှိတွင် ကော့စီရယ်လ်နီ မည်မျှ နားရမည်ကို သိရှိနိုင်စေရန် အာဆင်နယ်အသင်းဆေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်သည်။

ကော့စီရယ်လ်နီသည် အာဆင်နယ်နှင့် အေစီမီလန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပွဲအစ ၁၀ မိနစ်၌ ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ဒဏ်ရာအခြေအနေအရ ကော့စီရယ်လ်နီမှာ ပွဲဆက်လက်ကစားရန် မည်သို့မျှ မဖြစ်နိုင်တော့သည့်အတွက် ၎င်းအစား ချိန်ဘားစ်ကို နည်းပြအာစင်ဝင်းဂါးက ချက်ချင်းပင် လူစားလဲလှယ် ထည့်သွင်းပေးခဲ့ရသည်။




FOLLOW US