News

27-Dec-2017

Soccer Premier League Conte Chelsea Vidal
တပည့်ဟောင်း ဗီဒယ်လ်ကို ချယ်လ်ဆီးထံသို့ ခေါ်ယူလိုကြောင်း ကွန်တီ ဖွင့်ဟ၀န်ခံ

လန်ဒန်၊ ဒီဇင်ဘာ ၂၇

ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်း၏တပည့်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဗီဒယ်လ်ကို ချယ်လ်ဆီးထံသို့ ခေါ်ယူလိုလျက်ရှိပြီး လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဗီဒယ်လ်အပြောင်းအရွှေ့အတွက် ဘိုင်ယန်မြူးနစ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းဆက်သွယ်ကြည့်ရန် ကွန်တီက ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ကွန်တီနှင့် ဗီဒယ်လ်တို့သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်တိုင်သည်အထိ ဂျူဗင်တပ်ထံတွင် လက်တွဲအလုပ်လုပ်ခဲ့ဖူးပြီး သင့်တင့်မျှတသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ကို ရရှိမည်ဆိုပါက ဘိုင်ယန်မြူးနစ်မှာ ဗီဒယ်လ်ကို ရောင်းထုတ်လိုက်ဖွယ်အခြေအနေများရှိနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။ 

ကွန်တီသည် ချယ်လ်ဆီးဒါရိုက်တာဘုတ်အဖွဲ့ကို အသင်းအနေနှင့် ဆုဖလားလက်မဲ့ ဘောလုံးရာသီဖြင့် မကြုံဆုံလိုပါက လာမည့်ဇန်နဝါရီဈေးကွက်တွင် ကစားသမားသစ်များ မဖြစ်မနေ ခေါ်ယူရလိမ့်မည်ဟု သတိပေးစကားပြောကြားထားပြီး လွန်ခဲ့သည့်နွေဈေးကွက်အတွင်း၌ ပထမဦးစားပေးပစ်မှတ်များကို ခေါ်ယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ဒုတိယဦးစားပေးများကိုသာ ခေါ်ယူခဲ့ရသည့်အချက်ကလည်း အသင်းအတွက် လွန်စွာ အထိနာခဲ့ကြောင်း ကွန်တီက ဖွင့်ဟ၀န်ခံထားပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ကွန်တီက “တခြားအသင်းတွေအတွက် ကစားပေးနေတဲ့ ကစားသမားတွေအကြောင်းကို ကျွန်တော် မပြောလိုပါဘူး။ အရိုးသားဆုံးပြောရရင် အခုအချိန်မှာ ကိုယ်ခေါ်ယူလိုတဲ့ ကစားသမားတစ်ယောက်ရဲ့အကြောင်းကို မပြောတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဗီဒယ်လ်က ထိပ်တန်းကစားသမားတစ်ယောက်ပါ။ သူ့ကို ကျွန်တော့်ဘက်က လေးစားမှုအပြည့်ရှိပါတယ်။ တကယ်လို့များ တိုက်ပွဲတစ်ပွဲကို ဆင်နွှဲရမယ်ဆိုပါစို့။ ကျွန်တော့်ရဲ့နံဘေးမှာ အတူရှိနေစေချင်သူက ဗီဒယ်လ်ပါပဲ”ဟု ပြောကြားသွားခဲ့သည်။




FOLLOW US