News

POST TAGGED AS

VAN DER SAR

မန်ယူထံသို့ အားကစားဒါရိုက်တာရာထူးဖြင့် ပြန်လည်ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟု ဗန်ဒါဆား အသိပေး

မန်ချက်စတာ၊ စက်တင်ဘာ ၉

နယ်သာလန်ကလပ် အေဂျက်ထံတွင် အားကစားဒါရိုက်တာရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော မန်ယူဂိုးသမားဟောင်း ဗန်ဒါဆားသည် ၎င်းအနေနှင့် မန်ယူထံသို့ အားကစားဒါရိုက်တာရာထူးဖြင့် ပြန်လည်ပြောင်းရွှေ့ရန် အစီအစဉ် လုံးဝမရှိသေးဟု ငြင်းဆန်ပယ်ချပစ်လိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဗန်ဒါဆားသည် ၎င်းနှင့် အေဂျက်အသင်းအကြား၌ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပြီး ယင်းစာချုပ်အပေါ်တွင် ၎င်းဘက်က လေးစားမှုအပြည့်အ၀ ဆက်လက်ထားရှိသွားမည်သာဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ကာ မန်ယူအသင်းတာဝန်ရှိသူများမှာ နည်းပြ မော်ရင်ညိုနှင့် အသင်းဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်တို့အကြားတွင် ဆက်ဆံရေးအဆင်မပြေမှုများရှိနေသည့်အတွက် ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များကို ကြားဝင်ဆောင်ရွက်ပေးနိုင်စေရန်အတွက် အားကစားဒါရိုက်တာတစ်ဦး ခေါ်ယူလိုနေခြင်းဖြစ်သည်။

မန်ယူသည် အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် အားကစားဒါရိုက်တာ ခန့်အပ်ခြင်း မရှိခဲ့သည့်အစဉ်အလာကို များမကြာမီအချိန်အတွင်း ကျိန်းသေဖျက်သိမ်းလိမ့်မည်ဟု သတင်းမီဒီယာများက မှန်းဆထားပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)နည်းစနစ်ဒါရိုက်တာ ဒန်အက်ရှ်ဝပ်၊ လိုက်ပ်ဇစ်ဂ်ျအသင်းအားကစားဒါရိုက်တာ ပေါလ်မစ်ချယ်လ်နှင့် ရိုးမားအားကစားဒါရိုက်တာ မွန်ချီတို့မှာလည်း မန်ယူ၏ပစ်မှတ်စာရင်းတွင် ပါဝင်လျက်ရှိသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ၎င်းအလိုရှိသော ကစားသမားများကို ခေါ်ယူပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အသင်းဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်ကို အလွန်အမင်း ဒေါသပေါက်ကွဲနေပြီး လက်ရှိတွင် မန်ယူအသင်းအားပေးသူများကလည်း ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ အက်ဒ်ဝုဒ်ဝါးဒ်ကို ရာထူးကနုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိနေပြီဖြစ်သည်။




FOLLOW US