POST TAGGED AS

UNAI EMERY

26-Aug-2018

Soccer Premier League Arsenal Ramsey
စာချုပ်သစ်နှင့်သက်ဆိုင်သည့် အပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့်ဇန်နဝါရီလတွင် ရမ်ဆေး ချမှတ်မည်

လန်ဒန်၊ သြဂုတ် ၂၆

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးသည် စာချုပ်သစ်နှင့်သက်ဆိုင်သည့် အပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်သို့ရောက်မှသာ ချမှတ်ရန် အပြီးသတ်ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများမှာ ယမန်နှစ်ဘောလုံးရာသီ၌ ဇန်နဝါရီဈေးကွက်တွင် ဆန်းချက်ဇ်ကို လက်လွှတ်ပေးလိုက်ရသည့်အခြေအနေမျိုး တစ်ကျော့ပြန်လည်ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ရမ်ဆေးနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိသာ သက်တမ်းကျန်ရှိတော့ပြီး ရမ်ဆေးကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ပါက လျှော့ဈေး သို့မဟုတ် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ပေးလိုက်ရမည်ကို အာဆင်နယ်အသင်းတာဝန်ရှိသူများက အလွန်အမင်း စိုးရိမ်နေကြသည်။

ရမ်ဆေးသည် စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ အကျိုးခံစားခွင့်ကို ပေါင် ၃၀၀,၀၀၀ ရလိုကြောင်း အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို တောင်းဆိုထားပြီး အကယ်၍ ၎င်းတောင်းဆိုထားသည့် လုပ်ခလစာကို မရရှိပါက စာချုပ်သစ်ကိုငြင်းပယ်၍ အသင်းပြောင်းရန် ၎င်း၏အကျိုးဆောင်ကိုယ်စားလှယ်များနှင့် ရမ်ဆေးက တိုင်ပင်သွားဖွယ်ရှိနေပြီဖြစ်သည်။

အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေခဲ့ပါက ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့်အစား ပြောင်းရွှေ့ကြေးတစ်ရပ်သတ်မှတ်၍သာ ဇန်နဝါရီဈေးကွက်တွင် ရောင်းထုတ်ပေးလိုက်ဖွယ်ရှိနေပြီး နည်းပြ ယူနိုင်းအမ်မရီကမူ ၎င်းအနေနှင့် အသင်းအမာခံ ပွဲထွက်ကစားသမားအားလုံးကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားလိုသည့်အတွက် ရမ်ဆေး၏စာချုပ်သစ်ဆွေးနွေးမှုကို အဆင်ပြေစေလိုကြောင်း ထုတ်ဖော်အသိပေးထားသည်။




FOLLOW US