News

POST TAGGED AS

UNAI EMERY

23-May-2018

Soccer Premier League Arsenal Unai Emery
ယူနိုင်းအမ်မရီကို အသင်းနည်းပြသစ်အဖြစ် အာဆင်နယ် မိတ်ဆက်

ပဲရစ်၊ မေ ၂၃

အာဆင်နယ်အသင်းသည် ပီအက်စ်ဂျီနည်းပြဟောင်း ယူနိုင်းအမ်မရီကို အသင်းနည်းပြသစ်အဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး ၎င်းအနေနှင့် အာဆင်နယ်ပရိသတ်များကို ထူးခြားသည့် အမှတ်တရများနှင့် အခိုက်အတန့်များ ဖန်တီးပေးနိုင်လိမ့်မည်ဟု ယုံကြည်သည့်အတွက် အလုပ်လက်ခံလိုက်ခြင်းဖြစ်ကြောင်း ယူနိုင်းအမ်မရီက နှုတ်ခွန်းဆက်စကားပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်သည် နည်းပြအာစင်ဝင်းဂါး၏ ၂၂ နှစ်တာကာလအလွန်တွင် နည်းပြသစ်တစ်ဦး ပထမဆုံးအကြိမ် ရွေးချယ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့် အရုဏ်ဦးသစ်တစ်ခု၊ စနစ်သစ်တစ်ခု၊ ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ရန် ပထမဆုံးသောခြေလှမ်းကို အစပြုလိုက်ပြီဟု အာဆင်နယ်က အသင်းပိုင် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြထားပြီဖြစ်သည်။

ယူနိုင်းအမ်မရီသည် ၎င်းအနေနှင့် အာဆင်နယ်အသင်းနှင့်လက်တွဲ၍ အလုပ်လုပ်ခွင့် ရလိုက်ခြင်းအတွက် လွန်စွာ စိတ်လှုပ်ရှားနေမိကြောင်းလည်း ဖွင့်ဟ၀န်ခံသွားခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဘောလုံးပရိသတ်များကို ဖမ်းစားထားသော အာဆင်နယ်၏ဖျော်ဖြေမှုရသပြည့်ဝသည့်ကစားဟန်ကို မပျောက်ပျက်စေရန် ၎င်းက ဆက်လက် စောင့်ရှောက်ပေးသွားမည်ဟု ယူနိုင်းအမ်မရီက ဆက်လက် ကတိပြုသွားခဲ့သေးသည်။

အာဆင်နယ်သည် နည်းပြ ယူနိုင်းအမ်မရီကို သုံးနှစ်သက်တမ်း စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီထားမှုများအရ ယူနိုင်းအမ်မရီမှာ အာဆင်နယ်ထံတွင် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တစ်နှစ်လုပ်ခအဖြစ် ပေါင်ငါးသန်း အကျိုးခံစားခွင့်ရသွားလိမ့်မည်လည်းဖြစ်သည်။

အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြသစ် ယူနိုင်းအမ်မရီကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကို အင်အားဖြည့်တင်းရန်အတွက် အသုံးစရိတ်ပမာဏ ပေါင်သန်း ၅၀ ထုတ်ပေးသွားလိမ့်မည်ဖြစ်ပြီး ဗလင်စီယာကို တာဝန်ယူခဲ့စဉ်ကာလအတွင်း အသင်းကို လာလီဂါပြိုင်ပွဲတွင် တတိယရခဲ့စေခြင်း၊ ဆီဗီလာကို တာဝန်ယူခဲ့စဉ်ကာလအတွင်း အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက် ချန်ပီယံဖြစ်စေခဲ့ခြင်း စသည်တို့မှာ ယူနိုင်းအမ်မရီ၏ထူးခြားသော အရည်အသွေးများပင်ဖြစ်သည်။




FOLLOW US