News

POST TAGGED AS

UNAI EMERY

14-May-2018

Soccer Neymar PSG Ligue
နေမာကို တစ်နှစ်တာအကောင်းဆုံးဆု ပေးအပ်ချီးမြှင့်လိုက်ခြင်းအတွက် ဝေဖန်မှုများ ထွက်ပေါ်

ပဲရစ်၊ မေ ၁၄

ပြင်သစ်သတင်းမီဒီယာများနှင့် ဘောလုံးပရိသတ်များသည် ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီက ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို တစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးအပ်ချီးမြှင့်လိုက်ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများရှိနေပြီဖြစ်ပြီး ယင်းဆုနှင့်လွဲချော်ခဲ့ရသော နေမာ၏ပီအက်စ်ဂျီအသင်းဖော် ကာဗာနီကလည်း ဆုရွေးချယ်ရေးကော်မတီအနေနှင့် မည်သို့သောစံနှုန်းများဖြင့် တစ်နှစ်အကောင်းဆုံးကစားသမားဆုကို ပေးအပ်ချီးမြှင့်သည်ဆိုခြင်းအား ၎င်းအနေနှင့် သိခွင့်ရလိုပါကြောင်း မေးခွန်းထုတ်မှုများရှိနေပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

နေမာသည် လက်ရှိဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းကို ကိုယ်စားပြု၍ ပြင်သစ်လီဂူးပွဲစဉ် ၂၀ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ သွင်းဂိုး ၁၉ ဂိုး၊ ဂိုးဖန်တီးမှု ၁၃ ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ပြီး ၎င်းမှာ ပီအက်စ်ဂျီအသင်းဖော်များဖြစ်ကြသည့် ကာဗာနီနှင့် အမ်ဘတ်ပေ၊ မာဆေးတိုက်စစ်မှူး သော်ဗင်တို့ကို ကျော်ဖြတ်၍ ယခုဆုကို ရရှိသွားခဲ့ခြင်းဖြစ်သည်။

ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို ဆုပေးပွဲသို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခေါ်ယူ၍ နေမာကို တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ပေးအပ်ချီးမြှင့်စေခဲ့ခြင်းဖြစ်ကာ နေမာမှာ ဒဏ်ရာပြဿနာကြောင့် ပီအက်စ်ဂျီအသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲများ မကစားပေးနိုင်ခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်မှစ၍ ယခုအချိန်တိုင်သည်အထိဖြစ်သည်။

ကာဗာနီသည် လက်ရှိဘောလုံးရာသီတွင် ပြင်သစ်လီဂူးပြိုင်ပွဲ၏ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး ၎င်းမှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး ၂၈ ဂိုး၊ ဂိုးဖန်တီးမှု ခြောက်ကြိမ် ရယူပံ့ပိုးပေးကာ လီဂူးပွဲစဉ်ပေါင်း ၃၂ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်သည်။

နေမာသည် လက်ရှိတွင် ဒဏ်ရာများပျောက်ကင်းသက်သာကာ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြိုတင်ပြင်ဆင်မှုကာလတွင် ဘရာဇီးလက်ရွေးစင်အသင်းနှင့်ပူးပေါင်းရန်အတွက် ၎င်းအနေနှင့် အသင့်ဖြစ်နေပြီဟုလည်း နေမာက ဖွင့်ဟပြောကြားသွားခဲ့သည်။




FOLLOW US