News

26-May-2017

KIO NCA UWSA TNLA
မြောက်ပိုင်းအဖွဲ့ အပစ်ရပ်စာချုပ်အသစ် ထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းအဖွဲ့ ယနေ့တွေ့မည်
နေပြည်တော်၊ မေ ၂၅

နေပြည်တော်တွင် ကျင်းပနေသော ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် ရောက်ရှိနေသည့် “ဝ”ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့များက ပြုပြင်ရေးဆွဲ ထားသည့် အပစ်ရပ် စာချုပ်သစ်ကို မေလ ၂၅ ရက်နေ့က မီဒီယာများကို ထုတ်ပြန်ချပြခဲ့သည်။

အဆိုပါ စာချုပ်သစ်ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်နှင့် တစ်နိုင်ငံလုံး လွှတ်တော်အဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ်”ဟု အမည်ပေးထားပြီး ဧပြီလ ၁၉ ရက်က ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ စတုတ္ထအကြိမ် မျက်နှာစုံညီ ပန်ခမ်းအစည်းအဝေးတွင် အတည်ပြုထားခြင်းဖြစ်ကြောင်း ယင်းစာချုပ် မျက်နှာဖုံးတွင် ရေးသားဖော်ပြထားသည်။

မြောက်ပိုင်းအဖွဲ့ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်တို့ မြောက်ပိုင်းအဖွဲ့များ တည်းခိုနေသည့် နေပြည်တော်ရှိ Horizon ဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံမှုအပြီးတွင် မြောက်ပိုင်းအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေး မူဝါဒ စာတမ်းများကို ဟိုတယ်သို့ လာရောက် စောင့်ဆိုင်းနေသည့် သတင်းထောက်များအား ဝေငှခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ တွေ့ဆုံမှုအပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းအဖွဲ့တို့ ယနေ့ (မေလ ၂၆ ရက်) တွင် သီးသန့် တွေ့ဆုံရန်  အခွင့်ရခဲ့ကြောင်း “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ပြည်ပဆက်ဆံရေးမှူး ကျောက်ကော်အန်းက သတင်းထောက်များကို ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မည်သည့် အကြောင်းအရာကို ဆွေးနွေးသွားမည်ကိုမူ ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးခင်မင်မှုအရ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကျောက်ကော်အန်းက ပြောဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် အခက်အခဲကြုံတွေ့လျက် အခြေအနေတွင် ရှိသေးပြီး ပြုပြင်ထားသည်ဆိုသော အပစ်ရပ် စာချုပ်မူအတိုင်း ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း၊ ယခုလက်ရှိ ဖွဲ့ထားသည့် ပန်ခမ်းကော်မတီသည် အစိုးရကို အတိုက်အခံလုပ်ရန် ဖွဲ့ထားခြင်း မဟုတ်ဘဲ နိုင်ငံရေးအရ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရန် ဖွဲ့ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ကော်မရှင်နှင့် မြောက်ပိုင်းအဖွဲ့တို့ တွေ့ဆုံမှုသည် နိုင်ငံရေးအရ ဆွေးနွေးခြင်း မဟုတ်ဘဲ လူမှုရေးအရ  တွေ့ဆုံခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

“နိုင်ငံရေး ဆွေးနွေးတာ မရှိဘူး၊ Social အရ တွေ့တာပါ”ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ယင်းအဖွဲ့ ခုနစ်ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တစ်ပြိုင်နက် တွေ့ဆုံသွားမည်မဟုတ်ဘဲ နှစ်ဖွဲ့ခွဲ၍ တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေ့လယ်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဇနီးအား နေ့လယ်စာဖြင့် ဧည့်ခံမည်ဖြစ်ပြီး ယင်းနောက်တွင်မှ KIO အပါအဝင် “ဝ”အဖွဲ့ (UWSA) ၊ မိုင်းလား (MNDAA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) စသည့် လေးဖွဲ့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ထို့နောက်တွင်မှ မြောက်ပိုင်း သုံးဖွဲ့ (AA, TNLA, MNDAA) အဖွဲ့ သုံးဖွဲ့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။      

မြောက်ပိုင်းအဖွဲ့က သတင်းထောက်များကို ဝေငှခဲ့သော စာတမ်းများတွင် အပစ်ရပ်စာချုပ်သစ် အပါအဝင် နိုင်ငံရေး ဆွေးနွေးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အထွေထွေ မူဝါဒနှင့် ရပ်တည်ချက်များ ဟူသည့် စာတမ်းလည်း ပါဝင်ခဲ့သည်။

UWSA ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့များသည် နေပြည်တော်တွင် ကျင်းပနေသော ဒုတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ညီလာခံ ဒုတိယနေ့တွင်မူ ဆက်လက်တက်ရောက်ခဲ့ခြင်း မရှိဘဲ ကျန်အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့များဖြင့်သာ ညီလာခံကို ဆက်လက် ကျင်းပခဲ့သည်။

မြောက်ပိုင်းအဖွဲ့၏ အပစ်ရပ် စာချုပ်သစ်၌ ယင်းစာချုပ်တွင် လက်မှတ်ထိုးသည့် အသိသက်သေ နေရာတွင် ပြည်တွင်း၊ နိုင်ငံတကာနှင့်၊ ကုလသမဂ္ဂ အသိသက်သေ အပါအဝင် တရုတ်အစိုးရ အသိ သက်သေ ပါဝင်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းစာချုပ်ကို လက်မှတ် မရေးထိုးမီ ၇ ရက် မတိုင်မီတွင် တပ်မတော်က ဦးစွာ အပစ်အခတ်ရပ်စဲ၍ စစ်ပွဲများ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ အရင် ဆုတ်ခွာကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများမဖြစ်ရန် သဘောတူရန်၊ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး နယ်နိမိတ် စည်းကြောင်း ပိုင်းခြား သတ်မှတ်ကာ အမှတ်အသားများ စိုက်ထူရန် စသည့်အချက်များ ပါဝင်သည်။

ထို့ပြင် အဆိုပါစာချုပ်၌ လက်ရှိ NCA စာချုပ်တွင် ပါဝင်သည့် အပစ်ရပ် ပူးတွဲကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရန်အပြင် အပစ်အခတ်ရပ်စဲရေး ခုံသမာဓိ ကော်မတီ ဖွဲ့စည်းခြင်း စသည့် အခြေခံမူများကို ထည့်သွင်း ရေးဆွဲထားသည်။

မြောက်ပိုင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသော ပန်ခမ်းကော်မတီတွင် ဦးဆောင်သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) အပါအဝင်၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ တအာင်း/ပလောင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA) စသည့် လက်နက်ကိုင်ခုနစ်ဖွဲ့ ပါဝင်သည်။ 

J-08

  • VIA


FOLLOW US